နယူးဇီလန်ရောက် မြန်မာတွေ မဲပေးခွင့် ဆုံးရှုံး
2020.10.30
ပြည်ပရောက် မြန်မာနိုင်ငံသားတွေအတွက် ကြိုတင်မဲပေးခွင့် သတ်မှတ်ရက်တွေကတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့က အဆုံးသတ်သွားခဲ့ပါပြီ။ ဒါပေမယ့် နယူးဇီလန်နိုင်ငံမှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေကတော့ ကြိုတင်မဲပေးခွင့် မရခဲ့ဘူးလို့ သိရပါတယ်။
သြစတေးလျနိုင်ငံ ကင်ဘာရာမြို့ရှိမြန်မာသံရုံးရဲ့ အောက်တိုဘာ ၁၆ ရက်နေ့ ထုတ်ပြန်ချက်မှာ နယူးဇီလန် နဲ့ ပါပူဝါနယူးဂီနီ နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက ကြိုတင်မဲပေးရန် ပုံစံ-၁၅ တွေ ပေးပို့ပြီး သူတို့ရှိတဲ့ နိုင်ငံတွေကို လာရောက်ပြီး မဲရုံတွေဖွင့်ပေးဖို့ တောင်းဆိုခဲ့ကြောင်း၊ ဒါပေမယ့် သံရုံးဝန်ထမ်းနည်းပါးမှုနဲ့ မဲလက်မှတ်တွေကို မြန်မာပြည် ပြန်ပို့ရန် အချိန်ကန့်သတ်ချက် အခက်အခဲအပြင် အဲဒီနိုင်ငံတွေကို သွားရောက်ရင် အသွား ၁၄ ရက် အပြန် ၁၄ ရက် စုစုပေါင်း ၂၈ ရက် Quarantine ဝင်ရမှာဖြစ်တဲ့အတွက် သြစတေးလျနိုင်ငံပြင်ပကို သွားဖို့ မဖြစ်နိုင်ခဲ့ဘူးလို့ ဖေါ်ပြထားပါတယ်။
နယူးဇီလန်နိုင်ငံမှာ ရှိတဲ့ မြန်မာနိုင်ငံငံသားအရေအတွက်ကို အတိအကျ မသိရပေမယ့် ထောင်နဲ့ချီ နေထိုင်လျှက်ရှိတယ်လို့ မြန်မာတွေက ပြောပါတယ်။ နယူးဇီလန်မှာ ပညာသင်ဆုနဲ့ သွားရောက်သင်ကြားနေတဲ့ မြန်မာကျောင်းသား ၃ဝ ခန့်မှာ ပါဝင်တဲ့ ကိုဟန်ထက်ကို က သြစတေးလျကို သူတို့သွားရောက် မဲပေးချင်ပေမယ့် အဆင်မပြေခဲ့ဘူးလို့ ပြောပါတယ်။
"နယူးဇီလန်ကနေ ကျနော်တို့သွားပြီး မဲပေးမယ်ဆိုရင် သြစတေးလျအသွားမှာ quarantine ဝင်စရာမလိုဘူး။ ဒါပေမဲ့ သြစတေးလျကနေ နယူးဇီလန်ကို ပြန်လာတဲ့အခါကျရင် quarantine လဲ ဝင်ရမယ်။ ကျနော်တို့က ကျောင်းသားဗီဇာလည်း ဖြစ်တယ်။ နိုင်ငံသားလည်း မဟုတ်ဘူး PR လည်း ရှိနေတာမဟုတ်တော့ နယူးဇီလန်အနေနဲ့ ပြန်ပြီးအဝင်မခံတာမျိုး ဖြစ်သွားနိုင်တယ်"
မဟာဝိဇ္ဇာဘွဲ့သင်တန်းတက်နေတဲ့ ကျောင်းသူ မအိမွန်သင်းကြူကလည်း မဲပေးခွင့်ရဖို့ သူတို့ နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ပါတယ်လို့ ပြောပါတယ်။
"UEC ကိုလည်း အီးမေးလ်ပို့တယ်၊ သမ္မတထံ ပေးစာအစီအစဉ်ကိုလည်း ဒီ နယူးဇီလန်ရောက် မြန်မာတွေ မဲပေးချင်ပါတယ်။ မဲရုံလာဖွင့်ဖို့ အခက်အခဲရှိပါတယ် အဲဒါကို တင်ပြခဲ့တယ်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးကိုလည်း အီးမေးလ်တွေပို့တယ်။ သံရုံးကို ဖုန်းနဲ့ဆက်သွယ်တဲ့အခါ ဒီကိစ္စအတွက် နယူးဇီလန်အစိုးရကို ခွင့်ပြုချက်တင်ထားတယ် သူကပြောတယ်။ ဒီမှာရှိတဲ့ မြန်မာတွေက နောက်ဆုံးအချိန်အထိ မဲပေးခွင့်ရမလားလို့ မျှော်လင့်ချက်တွေနဲ့ ။ ဒါပေမဲ့ အဆုံးမှာတော့ ဖြစ်မလာခဲ့ဘူး"
တခြားနိုင်ငံတွေမှာရှိတဲ့ မြန်မာသံရုံးတွေက သံရုံးမရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေက မြန်မာတွေ မဲပေးခွင့်ရရှိအောင် စီစဉ်ပေးနိုင်ခဲ့တာတွေကို သိရတဲ့အတွက်လည်း အားတက်ခဲ့ရတယ်လို့ သူက ဆိုပါတယ်။
"Myanmar Embassy လန်ဒန်က သူ့ရဲ့ ဥရောပမှာရှိတဲ့ ဒိန်းမတ်၊ ဆွီဒင်၊ အိုင်ယာလန်တို့မှာ မဲရုံတွေဖွင့်ပေးနိုင်ခဲ့တယ်။ ဆော်ဒီအာရေးဗျမှာရှိတဲ့ မြန်မာသံရုံးကလည်း ယူအေအီး မှာ သွားပြီး မဲရုံဖွင့်ပေးခဲ့တာရှိတယ်"
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ကို ဆက်သွယ်ခဲ့ရာမှာတော့ ဒီကိစ္စတွေကို သက်ဆိုင်ရာသံရုံးတွေက တာဝန်ယူရပါတယ်လို့ ပြောပါတယ်။
"ကျနော်မသိပါဘူးခင်ဗျ။ သံရုံးကပဲသိမှာပါ။ အဲဒါတွေက ဟိုးကတည်းက ရက်တွေကြိုပေးထားပြီး လုပ်ထားတာပါ၊ သူတို့ သံရုံးက ကြိုးစားပြီး လုပ်ကြရမှာပါ"
မဲပေးခွင့်ဆုံးရှံးခဲ့မှုအတွက် နိုင်ငံသားတယောက်ရဲ့ ခံစားမှုက ဘယ်လိုရှိပါသလဲ။
"နယူးဇီလန်မှာ မြန်မာနိုင်ငံသား ထောင်နဲ့ချီရှိတယ်။ ပါပူဝါနယူးဂီနီ တို့ပါရင် အများကြီးဖြစ်သွားမှာ။ အဲဒီမဲတွေဆုံးရှုံးလိုက်ရတာ။ အခု မြန်မာနိုင်ငံရွေးကောက်ပွဲလိုပဲ နယူးဇီလန်မှာလည်း ဒီနှစ်မှာပဲ ရွေးကောက်ပွဲလုပ်တယ်။ သူတို့နိုင်ငံသားတွေက အရမ်းကို မဲပေးဖို့ အင်တိုက်အားတိုက်လုပ်ကြတယ်။ လမ်းပေါ်တွေမှာလုပ်တယ်။ ဆိုရှယ်မီဒီယာတွေမှာလည်း လုပ်ကြတယ်။ အဲလို လုပ်တာကို တွေ့တဲ့အခါ သူတို့နိုင်ငံမှာ သူတို့အစိုးရကို တင်မြှောက်ဖို့ မဲပေးခွင့်ရသလို ငါတို့လည်း ငါတို့အစိုးရကို တင်မြှောက်ဖို့ မဲပေးခွင့်ရမယ်လို့ မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် ဖြစ်မလာတော့ အရမ်းဝမ်းနည်းရတယ်၊ သူများနိုင်ငံသားတွေ သူတို့ပေးချင်တဲ့ ပါတီအတွက် တာဝန်ကျေသလို ကိုယ်တွေက ကိုယ်တွေပေးချင်တဲ့ ပါတီအတွက် တာဝန်မကျေသလို ခံစားရတယ်"
ကိုဟန်ထက်ကို ကတော့ ပြည်တွင်းက မြန်မာပြည်သူတွေအနေနဲ့ မိမိတို့ ရရှိနေတဲ့အခွင့်အရေးကို လက်မလွတ်စေချင်ဘူးလို့ ပြောပါတယ်။
"အခု လက်ရှိ ကျနော်တို့နိုင်ငံမှာ ရှိနေတဲ့ နိုင်ငံသားတွေဆိုရင် မဲပေးခွင့်ရှိနေသေးတယ်။ အဲဒီတော့ ကိုယ့်ကိုယ်ကိုလည်း စောင့်ရှောက်ပါ။ ပြီးတော့ ကိုယ့်မှာရှိတဲ့ အခွင့်အရေးကို အသုံးချပြီး မဲပေးဖို့ ကျနော် အဓိကတိုက်တွန်းချင်ပါတယ်"
အခုလို နယူးဇီလန်ရောက် မြန်မာတွေရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး သြစတေးလျနိုင်ငံရှိ မြန်မာသံရုံးကို ဆက်သွယ်ခဲ့ရာမှာ ရုံးပိတ်ရက်ရှည်ဖြစ်တဲ့အတွက် ရုံးတွေပြန်ဖွင့်မှ ဆက်ပါလို့ အလိုအလျှောက်စက်က ဖြေကြားပါတယ်။
----------------------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)