စစ်ကိုင်းကလူကုန်ကူးခံရသူ အိမ်ပြန်ရောက်လာဖို့ မိသားစုမျှော်လင့်နေ

ခေမဏီဝင်း
2020.01.10

စစ်ကိုင်းမြို့၊ မင်းကွန်းတိုက်နယ်၊ ကင်းကျေးရွာကနေ လူကုန်ကူးခံလိုက်ရတဲ့ ၁၄ နှစ်အရွယ် မိန်းကလေးတစ်ယောက်ဟာ တရုတ်နိုင်ငံကနေ ရှမ်းပြည်နယ် မူဆယ်မြို့ကို ပြန်ရောက်နေပြီဖြစ်ပေမယ့် မိသားစုနဲ့ ပြန်လည်တွေ့ဆုံနိုင်ခြင်း မရှိသေးပါဘူး။

ဒီမိန်းကလေးကို  နိုဝင်ဘာ ၁၉ ရက်နေ့ကတည်းက မန္တလေးမြို့က အဒေါ်ဖြစ်သူက ခေါ်ဆောင်သွားပြီးနောက်မှာ  လူကုန်ကူးခံလိုက်ရတယ်ဆိုတာကို မိဘတွေက ၂၆ ရက်နေ့မှာမှ သိခဲ့ကြတာပါ။ လူကုန်ကူးခံလိုက်ရတယ်ဆိုတာကို "တရုတ်ပြည်ရောက် မြန်မာနိုင်ငံသားများဆုံဆည်းရာ- အရေးကြီးသတင်းနှင့် အလုပ်အကိုင်" ဆိုတဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ထွက်ပေါ်လာတဲ့ ရုပ်သံဖိုင်တစ်ခုကြောင့် သိခဲ့ရတာပါ။

အဲဒီအမှုနဲ့ပတ်သက်လို့ သံသယဖြစ်ခံရသူ သုံးဦးကိုလည်း မန္တလေး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့က ဖမ်းဆီးထားပြီးဖြစ်ပါတယ်။

အဲဒီနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒီမိန်းကလေး မူဆယ်မြို့ကို ဒီလ ၇ ရက်နေ့က ပြန်ရောက်နေပြီလို့ မိသားစုကို ဆက်သွယ်ခဲ့ပေမယ့် အဲဒီနောက်ပိုင်း ဘာသတင်းမှ ထပ်မရတော့ဘူးလို့ မိဘတွေက ပြောပါတယ်။ အဲဒါကြောင့် သမီးဖြစ်သူ ပြန်လာမယ့်ရက်ကိုသိရဖို့ မူဆယ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနကို ဖုန်းနဲ့ ဆက်သွယ်စုံစမ်းခဲ့ရာမှာတော့ သမီးဖြစ်သူရှိတာ မှန်ကန်ကြောင်း အတည်ပြုပေးပေမယ့် ရဲတပ်ဖွဲ့က တားမြစ်ထားလို့ဆိုပြီး သမီးဖြစ်သူနဲ့ ဖုန်းပြောခွင့်တောင် မရခဲ့ဘူးလို့ မိခင်ဖြစ်သူက ပြောပါတယ်။

မိန်းကလေးတစ်ယောက် လူကုန်ကူးခံရတယ်ဆိုပြီး လူမှုကွန်ရက်မှာ ဗီဒီယိုဖိုင် တင်ခဲ့သူက တရုတ်ပြည်မှာ အလုပ်လုပ်ကိုင်နေတဲ့ ကျော်ကျော် ဆိုတဲ့ အကောင့်ပိုင်ရှင်ပါ။

ဒီမိန်းကလေး လူကုန်ကူးခံရကြောင်း  အဲဒီဗီဒီယိုဖိုင်ကြောင့် လူသိများခဲ့ပြီး သက်ဆိုင်ရာရဲစခန်းတွေမှာ မိသားစုက အမှုဖွင့်လှစ်ခဲ့သလို နိုင်ငံတော်သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကိုလည်း မိဘတွေက ကူညီပေးဖို့ အသနားခံစာ တင်ခဲ့ကြတာပါ။

ဒီမိန်းကလေး  မူဆယ်ကနေ ဘယ်တော့ ထွက်လာမလဲ ဆိုတာ RFA က မေးမြန်းရာမှာတော့ ရက်အတိအကျ မပြောနိုင်သေးဘူးလို့ မန္တလေးတိုင်း၊ လူမှုဝန်ထမ်းဦးစီးဌာန ညွန်ကြားရေးမှူ၊ ဒေါ်ခင်စန်းရီ က ပြောပါတယ်။

၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ လူကုန်ကူးမှု ၂၃၉ မှု  မှတ်တမ်းတင်နိုင်ခဲ့ပြီး လူကုန်ကူးခံရသူ ၃၅၈ ဦးထဲမှာ အမျိုးသမီးက အများဆုံး ဖြစ်ပါတယ်။ အဲဒီထဲမှာ တရုတ်နိုင်ငံကို လူကုန်ကူးခံရသူ အများဆုံးဖြစ်ပြီး တရုတ်မယားအဖြစ် အဓမ္မလက်ထပ်စေခိုင်းတဲ့ကိစ္စက အများဆုံးဖြစ်တယ်လို့ မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဆွေမျိုးနီးစပ်တော်သူလက်ထဲ ယုံယုံကြည်ကြည် ထည့်ပေးလိုက်မိလို့ သမီးဖြစ်သူ လူကုန်ကူးခံရတာလို့ သူ့ကိုယ်သူ အပြစ်တင်ရင်း သမီး အိမ်ပြန်ရောက်လာရင် အလုပ်မလုပ်ခိုင်းတော့ဘဲ သူပဲ ကြုံရာကျပန်းလုပ်ပြီး ရှာကျွေးတော့မယ်လို့ မိခင်ဖြစ်သူက ဆုံးဖြတ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။