မြန်မာနိုင်ငံ လူ့အခွင့်အရေး တိုးတက်ဖို့ လိုသေးကြောင်း အမေရိကန်ထောက်ပြ
2016.04.13
အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ကမ္ဘာတဝှမ်း လူ့အခွင့်အရေးအခြေပြ အစီရင်ခံစာကို နှစ်စဉ် ထုတ်ပြန်နေရာမှာ မနေ့က ၂၀၁၅ ခုနှစ်အတွက် လူ့အခွင့်အရေးအစီရင်ခံစာ ထွက်ရှိခဲ့ပါတယ်။
အဲ့ဒီအစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ ၂၀၁၅ ခုနှစ်အတွင်း လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး နေရာ တချို့မှာ တိုးတက်မှုအရိပ်လက္ခဏာတွေ တွေ့ရပေမယ့် အများအားဖြင့် ပိုမိုဆောင်ရွက်စရာတွေ ရှိနေသေးတယ်လို့ အစီရင်ခံစာမှာဖေါ်ပြပါတယ်။
သတင်းမီဒီယာတွေအနေနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တချို့ ရရှိလာပေမယ့် အကြည်ညိုပျက်စေမှု၊ ဆက်သွယ်ရေး ဥပဒေ စတာတွေနဲ့ ဖမ်းဆီးတရားစွဲဆိုတာတွေရှိခဲ့သလို၊ လွတ်လပ်စွာ စုဝေးခွင့်ကိုလည်း ပုဒ်မ ၁၈ နဲ့ ထိန်းချုပ်ထားဆဲဖြစ်ကြောင်း၊ ဒါ့ပြင် အကြမ်းဖက် ရိုက်နှက်ဖြိုခွဲဖမ်းဆီးတာတွေ၊ တိုင်းရင်းသား လူမျိုးစုဒေသတွေ မှာ ထင်သလို နှိပ်စက်သတ်ဖြတ်တာတွေ ရှိနေဆဲဖြစ်ကြောင်း၊ မြေသိမ်းယာသိမ်းကိစ္စတွေ၊ အဓမ္မနေ ရာရွှေ့ပြောင်းတာတွေလည်း ပြီးခဲ့တဲ့နှစ်အတွင်း ဆက်လက်ပေါ်ပေါက်ခဲ့ကြောင်း၊ ကလေးစစ်သားတွေ ပြန် လွှတ်ပေးခဲ့သလို၊ ကလေးစစ်သားစုဆောင်းနေတာတွေ ဆက်ရှိနေဆဲဖြစ်ပြီး၊ ဘာသာလူမျိုး ခွဲခြားဆက်ဆံတာ၊ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ (ခေါ်) မူဆလင်တွေကို စခန်းတွေထဲပိတ်လှောင်ထားနေဆဲ ဖြစ်တယ်လို့ အစီရင်ခံစာ မှာ ဖေါ်ပြပါတယ်။
မနေ့က ထုတ်ပြန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်အတွက် လူ့အခွင့်အရေး အစီရင်ခံစာပါ မြန်မာနိုင်ငံရဲ့ အခြေအနေတွေ အကြောင်း ဖော်ပြထားတာတွေကို RFA အဖွဲ့သား ဦးသစ်ဆင်း ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။