မြန်မာ့လူ့အခွင့်အရေး ဆုတ်ယုတ်ကျဆင်း


2015.04.29

မြန်မာနိုင်ငံမှာ သတင်းထောက်တွေဖမ်းဆီးထောင်ချတာနဲ့ သတင်းမီဒီယာတွေအပေါ်တင်းကြပ်လာ တာတွေကြောင့် လွတ်လပ်စွာရေးသားထုတ်ဖေါ်ပြောဆိုခွင့်၊ အရပ်ဘက်ဆိုင်ရာလွတ်လပ်ခွင့် နှုန်းဟာ အဆင့် ၅ ကနေ၊ အဆင့် ၆ ကို လျော့ကျသွားတယ်လို့ အမေရိကန်ပြည်ထောင်စုအခြေစိုက် လူ့အခွင့်အရေးလေ့လာ စောင့် ကြည့်တဲ့ Freedom House အဖွဲ့က မနေ့ကပြောလိုက်ပါတယ်။

အစိုးရနဲ့လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေက တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ချုပ်နိုင်ဖို့ကြိုးစား နေပေမဲ့ တစ်ဖက်မှာလည်း အလွတ်သတင်းထောက်တစ်ယောက်ကို စစ်တပ်ကဖမ်းထားဆဲ သတ်လိုက်တဲ့ဖြစ်ရပ်အပါအဝင်၊ သတင်းထောက်တချို့ကို ဖမ်းဆီးထောင်ချလိုက်တာတွေရှိခဲ့တယ်လို့ ထောက်ပြထားပါတယ်။ ဒါ့အပြင်အစိုးရနဲ့ လွှတ်တော်ကြား ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်ခင် အားပြိုင်မှုကြီးထွားလာတာလည်း တွေ့ရတယ်လို့ဆိုပါတယ်။

မွတ်စလင်ဆန့်ကျင်ရေးနဲ့ အမုန်းတရားတွေပိုများလာတာလည်းရှိခဲ့ပြီး၊ ဒီကာလမှာပဲ အမျိုးဘာသာ သာသနာ ထိမ်းသိမ်းစောင့်ရှောက်ဖို့ဆိုပြီး ဥပဒေတွေပြဌာန်း အတည်ပြုလာတာလည်းတွေ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ အာဏာခိုင်ခန့်အောင် ရည်ရွယ်တဲ့သဘောနဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက အမျိုးသားလွှတ်တော်မှာ PR ရွေးကောက်ပွဲစနစ်အတည်ပြုခဲ့တာကိုလည်း ထောက်ပြထားပါတယ်။

လာဘ်ပေးလာဘ်ယူမှုတွေကလည်း အောက်ခြေမှာရော အထက်ပိုင်းမှာပါ ကြီးထွားနေဆဲဖြစ်တဲ့အတွက် ကမ္ဘာ့ လာဘ်စားမှုအခြေပြဇယားအရ အဆိုးဝါးဆုံးနိုင်ငံ ၁၇၅ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံက အဆင့် ၁၅၆ နေရာမှာ ရှိနေတယ်ဆိုတဲ့ Transparency International အဖွဲ့ရဲ့ အစီရင်ခံစာကိုလည်း ထောက်ပြထား ပါတယ်။ မြန်မာ အစိုးရရဲ့စီးပွါးရေးပြုပြင်ပြောင်းလဲမှုဟာ ခေါင်းဆောင်ပိုင်းကမိသားစုဝင်တွေ၊ ထိပ်ပိုင်းအရာရှိတွေနဲ့ ပတ်သက်နေ တဲ့ ခရိုနီဆိုသူတွေအတွက်သာ အကျိုးဖြစ်ထွန်းနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ကျယ်ကျယ်ပြန့်ပြန့် ပေါ် ထွက်နေတယ်လို့ Freedom House အဖွဲ့က ထောက်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။