တရားစီရင်ရေးစနစ် ပိုကောင်းရေး စာနယ်ဇင်းသမားများ၊ ရှေ့နေများဆွေးနွေး
2013.02.02
ဥပဒေပညာရှင်တွေရဲ့ အကြံပေးချက်တွေကို အလေးအနက်ထားပြီး နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို ကန့်သတ်ထားတဲ့နည်းဥပဒေတွေ ပြင်ဆင်ဖို့ကိုလည်း ရှေ့ဆက်လုပ်ဆောင်သွားမယ်လို့ တရားစီရင်ရေး ဥပဒေရေးရာကော်မတီဥက္ကဌ သူရဦးအောင်ကို က RFA ကို ပြောပါတယ်။
ဒါ့အပြင် ဒီကနေ့ ဆွေးနွေးပွဲကနေရရှိလာတဲ့ တရားစီရင်ရေးစနစ် ဖြောင့်မတ်မှန်ကန်ဖို့ အကြံပြုချက်တွေကို လွှတ်တော်မှာ ပြန်လည်တင်ပြ ဆွေးနွေးသွားမှာဖြစ်တယ်လို့ ဥက္ကဌ သူရဦးအောင်ကို က ဆက်လက်ပြောကြားခဲ့ပါတယ်။
ရှေ့နေများကွန်ရက်က တရားလွှတ်တော်ရှေ့နေတွေကတော့ ရုံးခွန်တော်တွေ အဆမတန် တိုးမြှင့်လိုက်တဲ့အတွက် ပြည်သူလူထုတရားစွဲဖို့ အခွင့်အရေးတွေ ချုပ်ချယ်ကန့်သတ်ခံလိုက်ရသလို ဖြစ်သွားတဲ့ကိစ္စ၊ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ကို ကန့်သတ်ချုပ်ချယ်နေတဲ့ ပုဒ်မ (၁၈) အစရှိတဲ့ ကိစ္စတွေကို ဆွေးနွေးတင်ပြခဲ့ကြပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီက ရေးဆွဲပြင်ဆင်နေတဲ့ မီဒီယာဥပဒေကြမ်း ရေးဆွဲပြီးစီးတဲ့အခြေအနေတွေနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို လွှမ်းမိုးနေတဲ့ ဥပဒေတွေကနေ လွတ်လပ်ခွင့် အပြည့်အဝရရှိနိုင်ဖို့ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။