မြန်မာ သူနာပြုတစ်ဦး စင်္ကာပူမှာ ထောင်ကျ
2016.04.20
စင်္ကာပူနိုင်ငံမှာ မြန်မာနိုင်ငံကနေ လာရောက်အလုပ်လုပ်နေတဲ့ အမျိုးသားသူနာပြုတစ်ဦး လူနာကို တိုက်ခိုက်မှု နဲ့ ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရပါတယ်။
အသက် ၂၆ နှစ်အရွယ် မြန်မာနိုင်ငံသား သူနာပြု ကိုအောင်ဖြိုးသူ ကို စင်္ကာပူနိုင်ငံသား စိတ်ဝေဒနာရှင်တစ်ဦးကို ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုနဲ့ တရားစွဲဆိုခဲ့ပြီး၊ တနင်္လာနေ့က ထောင်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
မနှစ်က ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလက စင်္ကာပူနိုင်ငံ စိတ်ရောဂါကုဆေးရုံ IMH မှာ အသက် ၅၆ နှစ်အရွယ် မစ္စတာ ကောင်အားဟို အမည်ရှိ စကီဇို ဖရီးနီးယား ခေါ် စိတ်ကစဉ့်ကလျားဝေဒနာစွဲကပ်နေသူ လူနာကို သူနာပြု ကိုအောင်ဖြိုးသူ အချက်ပေါင်းများစွာ ထိုးကြိတ်ကန်ကျောက်ခဲ့လို့ လူနာမှာ နံရိုးနှစ်ချောင်း ကျိုးသွားခဲ့တယ်လို့ သတင်းမှာ ဖေါ်ပြပါတယ်။
လူနာဟာ အိပ်ယာပေါ်က မထနိုင်သူဖြစ်ပြီး၊ အခင်းဖြစ်တဲ့နေ့ မနက်က အိပ်ယာက ထူပေးဖိုှု ညပိုင်းတာဝန်ကျသူ သူနာပြု ကိုအောင်ဖြိုးသူ ကို ပြောဆိုရာမှာ၊ ကိုအောင်ဖြိုးသူက လူနာရဲက မျက်နှာကို စောင်နဲ့အုပ်ပြီး၊ အချက်ပေါင်းများစွာ ထိုးကြိတ်ကန်ကျောက်ခဲ့ကြောင်း၊ ဆေးရုံအဆောင်အုပ်က လူနာရဲ့ဒဏ်ရာတွေတွေ့ရှိရလို့ ကိုအောင်ဖြိုးသူကို မေးမြန်းရာမှာ၊ သူ့ဖာသာသူ ဒဏ်ရာရတာလို့ လိမ်လည်ပြောဆိုကြောင်း စုံစမ်းတွေ့ရှိရတယ်လို့ တရားရုံးက ပြောပါတယ်။