ရခိုင်အရေး သတင်းမီဒီယာတွေရဲ့ တင်ပြချက် UNESCO ဝေဖန်


2017.12.07
min-jeong-kim-622 UNESCO ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Ms. Min Jeong Kim ကို ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်မှာ ဒီဇင်ဘာလ ၇ ရက်နေ့ကပြုလုပ်တဲ့ ၆ ကြိမ်မြောက် မြန်မာမီဒီယာ ဖွံဖြိုးတိုးတက်ရေး ညီလာခံမှာ တွေ့ရစဉ်
Photo: Kaung Htet Kyaw/RFA

ရခိုင်ပြည်နယ်က အကြမ်းဖက်မှုဖြစ်စဉ်တွေအရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက အွန်လိုင်းနဲ့ ပုံနှိပ်သတင်း မီဒီယာတွေရဲ့ ရေးသားတင်ပြချက်တွေဟာ ပြည်သူတွေအကြား ယုံကြည်မှုတွေ ကင်းမဲ့စေသလို ကွဲပြားခြားနား မှုတွေကို ပိုဖြစ်စေတယ်လို့ ကုလသမဂ္ဂရဲ့ ပညာရေး သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ UNESCO ရဲ့ ဌာနအကြီး အကဲက ဒီကနေ့ ပြောလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့က ချက်ထရီယမ်ဟိုတယ်မှာ ပြုလုပ်တဲ့ ၆ ကြိမ်မြောက် မြန်မာမီဒီယာ ဖွံဖြိုးတိုးတက်ရေး ညီလာခံမှာ UNESCO ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲဖြစ်သူ Ms. Min Jeong Kim က အခုလို ပြောပါတယ်။

"မြန်မာနိုင်ငံ အခြေအနေကတော့ ရခိုင်ပြည်နယ်က အကြမ်းဖက်မှုအရေးနဲ့ ပတ်သက်ပြီး အွန်လိုင်းနဲ့ ပုံနှိပ် မီဒီယာတွေမှာ ရေးသားတင်ပြချက်တွေဟာ ပရိသတ်ကို အမှန်တရား၊ အချက်အလက်နဲ့ ရင်ကြားစေ့ရေးဘက်ကို ဦးတည်ပြီး ရေးသားတာထက် သတင်းမှားတွေ ဖေါ်ပြတာ၊ ယုံကြည်မှုကင်းမဲ့စေတာ ကွဲပြားခြားမှုတွေကို ပိုဖြစ်စေတဲ့ ရေးသားတင်ပြချက်တွေကို ကျမတို့ မကြာခဏ တွေ့မြင်ရပါတယ်" လို့ ပြောသွားတာ ဖြစ်ပါတယ်။

သတင်းမီဒီယာသမားတွေဟာ တခြားနယ်ပယ်မှာလိုပဲ ကျင့်ဝတ်နဲ့အညီ ရပ်တည်ကြရတာဖြစ်ပါတယ်၊ သတင်း မီဒီယာတွေအနေနဲ့ အမှန်တရားနဲ့ တိကျမှု၊ လွတ်လပ်စွာရပ်တည်မှု၊ ဘက်မလိုက်မှ စတဲ့ ကျင့်ဝတ်တွေနဲ့အညီ ရပ်တည်ကြဖို့ကိုလည်း Ms. Min Jeong Kim က သူ့ရဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားပါတယ်။

မြန်မာနိုင်ငံက သတင်းမီဒီယာတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျင်းပတဲ့ အခမ်းအနားကို ဒီကနေ့ ဒီဇင်ဘာ ၇ ရက်ကနေ ၈ ရက်အထိ ၂ ရက်ကျင်းပမှာဖြစ်ပြီး နိုင်ငံတကာမီဒီယာတွေနဲ့ ပြည်တွင်း တိုင်းရင်းသားမီဒီယာတွေ၊ စာပေလောကသားတွေ ၊ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။