နှစ်သစ်စကား လက်ဆောင်ပါး
2015.04.17

ဒီကနေ့ မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ် နှစ်ဆန်း တစ်ရက်နေ့မှာ RFA လွတ်လပ်တဲ့အာရှအသံ ဌာနမှူး ဒေါ်ငြိမ်းရွှေက သောတရှင်မြန်မာပြည် သူပြည်သားတွေ လိုရာဆန္ဒပြည့်ဝစေဖို့အတွက် RFA အဖွဲ့သားအားလုံးက အခုနှစ်မှာ ဆထက်တန်ဖိုးတိုးပြီး ကြိုးစားကြမယ့်အကြောင်း အခုလို နှုတ်ခွန်းဆက် လိုက်ပါတယ်။
"သောတရှင်များရှင် သြင်္ကန်ရေနဲ့အတူ နှစ်ဟောင်း က မကောင်းမှုတွေ သန့်စင်သွားပြီး လာမယ့် မြန် မာ့နှစ်သစ် ၁၃၇၇ ခုနှစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်ဝ ကြပါစေ၊ ဒါ့အပြင် ကျမတို့ပြည်မြန်မာရဲ့ ကံကြမ္မာ ဟာ အကောင်းဘက်ကိုဦးတည်မယ့် ခရစ်သက္ကရာဇ် ၂ဝ၁၅ ခုနှစ် ဖြစ်ပါစေကြောင်း ဆုမွန်တောင်းရင်း ကျမတို့ RFA မြန်မာပိုင်းဌာနမိသားစုက သောတရှင်များအတွက် သတင်းမှန် သတင်းမြန်ခြင်းနဲ့အတူ အကျိုးရှိစေမယ့် အစီအစဉ်များကို ကြိုစားထုတ်လွှင့်သွားမှာဖြစ်ကြောင်း သိစေအပ်ပါတယ်ရှင်"
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီနှစ်သစ်မှာ တိုင်းပြည်အကျိုးအတွက် ပြည်သူ အားလုံးပါဝင် ကြိုးပမ်းအားထုတ်ကြဖို့ NLD ဖေ့စ်ဘုတ်စာမျက်နှာကနေ အခုလို နှိုးဆော်စကား ပြောကြားခဲ့ပါတယ်။
"နှစ်သစ်ဟာ နှစ်ဟောင်းထက်ပိုပြီးတော့ကောင်းစေချင်တယ်၊ နှစ်သစ်တိုင်း နှစ်သစ်တိုင်းဟာ နှစ်ဟောင်း တိုင်း နှစ်ဟောင်းတိုင်းထက် ပိုပိုပြီးတော့ကောင်းသွားတယ်ဆိုတာဟာ တစ်ကယ်ဒီနိုင်ငံဟာ တိုးတက်နေ တယ်ဆိုတာကိုပြတာပဲ၊ ဒါပေမဲ့ ဒါတွေဟာကျွန်မတို့ ကြိုးစားမှရမယ်ဆိုတာ ကျွန်မခဏခဏပြောပါတယ်၊ အဲ့တော့တိုတိုနဲ့ နှစ်သစ်အတွက် ဆုတောင်းပေးရမယ်ဆိုလို့ရှိရင် ကျမနဲ့ ကျမတို့နိုင်ငံရဲ့ ပြည်သူလူထု ဟာ နိုင်ငံ့အကျိုးအတွက် ဆန္ဒတစ်ထပ်တည်းဖြစ်ပြီးတော့ ကျမတို့ရဲ့ဆန္ဒတွေနဲ့ ကျမတို့ရဲ့ လိုအပ်ချက်တွေ ကျမတို့ရဲ့မျှော်လင့်ချက်တွေကို ကြိုးစားအားထုတ်ခြင်းအားဖြင့် အကောင်ထည်ဖော်နိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့ပါတယ်၊ အားလုံးနှစ်သစ်ကူးမှာ ကျန်းမာချမ်းသာကြပါစေ ဘေးဘယာဝေးကွာကြ ပါစေ ကောင်းကျိုးလိုရာဆန္ဒအဝဝနဲ့ ပြည့်စုံကြပါစေ"
NLD သဘာပတိအဖွဲ့ ဥက္ကဌ ဦးတင်ဦးကလည်း အခုလိုနှစ်ကူးသမယမှာ အကြမ်းဖက်ဖမ်းဆီးခံနေရသူအားလုံး လွတ်မြောက်စေချင်ပါတယ်လို့ RFA ကို ပြောကြားလိုက်ပါတယ်။
"ကျောင်းသားကလေးတွေနဲ့ ပတ်သက်လို့ ဖမ်းထားတာကိုလည်း အားလုံးကိုပြန်ပြီးတော့ လွှတ်စေချင်ပါ တယ်၊ ဘာဖြစ်လို့လဲဆိုတော့ အချိန်အခါကလည်း နှစ်သစ်ကူးလည်းရောက်တဲ့ အချိန်အခါဖြစ်တယ်၊ နောက် ပြီးတော့ ကျောင်းသားတွေနဲ့ ပတ်သက်တဲ့အပိုင်းမှာလည်း သူတို့ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြရာကနေပြီးတော့ လက်ပံတန်းမှာဖြစ်သွားတာကလည်း ဝမ်းနည်းကြေကွဲစရာကောင်းပါတယ်၊ ကျနော်ကလည်းပဲ နှစ်သစ်ကူး မှာ ကောင်းမြတ်တဲ့လက္ခဏာဆောင်တဲ့အနေနဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်သော်၎င်း၊ အလုပ်သမားကိစ္စနဲ့ ပတ်သက်သော်၎င်း၊ နိုင်ငံရေးအကျဉ်းသမားများနဲ့ ပတ်သက်တာကိုလည်း လွှတ်စေချင်ပါတယ်"
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ ပြောခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကတော့ပြီးခဲ့တဲ့ လေးနှစ်အတွင်း အစိုးရအဖွဲ့အနေဖြင့် အောင်မြင်မှုတွေရှိသလို လိုအပ်ချက်တွေလည်း အများကြီးရှိနေသေးတာ အမှန်ဖြစ်ကြောင်း၊ ခရီးပေါက်ခဲ့တာကို အသိအမှတ်ပြုဖို့လိုသလို ဒီမျှနဲ့ ကျေနပ်မနေကြဘဲ ရှေ့ဆက်လှမ်းဖို့ လိုအပ်တယ်ဆိုတာကို ဝန်ခံကြဖို့လည်းလိုကြောင်းနဲ့ နှစ်ပေါင်းများစွာ အသားကျနေတဲ့ လုပ်ထုံးလုပ်နည်းတွေ၊ အတွေးအခေါ်တွေ ၊ ပြည့်နှက်နေတဲ့ လူ့အဖွဲ့အစည်းတစ်ခုမှာ ပြုပြင်ပြောင်းလဲရေးလုပ်ရသည်မှာ ခက်ခဲကြောင်း ဒါပေမဲ့ ပန်းတိုင်ရောက်အောင် မိမိတို့အားလုံးလက်တွဲဆောင်ရွက်ကြဖို့လိုကြောင်း စသဖြင့် သူ့ရဲ့ဖေ့စ်ဘုတ် မှာ ရေးသားဖေါ်ပြထားပါတယ်။