ကုလဆုံးဖြတ်ချက် မြန်မာ ကန့်ကွက်
2013.11.21
ရိုဟင်ဂျာလို့ ကိုယ့်ကိုကိုယ်ခေါ်နေကြတဲ့ အစ္စလာမ်ဘာသာဝင် မျိုးနွယ်စုကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့ ကုလသမဂ္ဂက ဆုံးဖြတ်ချက်ချပြီး ဖိအားပေးတာကို လက်မခံကြောင်း မြန်မာအစိုးရက တုံ့ပြန်ပြောဆိုလိုက်ပါတယ်။
နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ နိုဝင်ဘာလ ၁၉ ရက်နေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခဲ့ရာမှာ မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို လေးလေးစားစားနဲ့ အပြည့်အဝလိုက်နာမှု သေသေချာချာ ရှိအောင်ဆောင်ရွက်ဖို့၊ ရိုဟင်ဂျာလူနည်းစုကို နိုင်ငံသားအဖြစ် အပြည့်အ၀ အသိအမှတ်ပြုဖို့ တောင်းဆိုထားပါတယ်။
ကုလသမဂ္ဂ ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် မြန်မာသံအမတ်ကြီး ဦးကျော်တင်က ဆုံးဖြတ်ချက်မှာ ရိုဟင်ဂျာလို့ သုံးစွဲထားတဲ့အပေါ် ကန့်ကွက်ခဲ့ပါတယ်၊ ဒါ့ပြင် ဆုံးဖြတ်ချက်မှာ ထည့်သွင်းထားတဲ့အတွက် ဒီကိစ္စကို အသိအမှတ်ပြုတယ်လို့ မယူဆသင့်ကြောင်း ပြောကြားခဲ့ပြီး၊ နိုင်ငံသားဖြစ်ခွင့် အပါအဝင် မြေပိုင်ဆိုင်ခွင့်၊ ရွှေ့ပြောင်းသွားလာခွင့် စတဲ့ တောင်းဆိုချက်တွေတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ ဥပဒေတွေ၊ လုံခြုံရေးအခြေအနေတွေအရ သင့်တော်သလို စဉ်းစားဆင်ခြင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကုလသမဂ္ဂအစည်းအဝေးအတွင်း တုန့်ပြန်ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် သမ္မတ ဦးသိန်းစိန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ကလည်း
အစိုးရရဲ့ ရပ်တည်ချက်ကတော့ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို လုံးဝလက်မခံပါဘူး။ ရခိုင်ပြည်နယ်အတွင်းမှာရှိနေတဲ့ ဘဂါၤလီလူမျိုးတွေထဲက ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ ကိုက်ညီသူတိုင်း နိုင်ငံသားပြုခွင့်ရမှာဖြစ်ပါတယ်၊ မကိုက်ညီသူတွေကိုတော့ ဘယ်သူက ဖိအားပေးပေး နိုင်ငံသားပြုခွင့်မပေးနိုင်ပါဘူး၊ ဒါဟာ အချုပ်အခြာ အာဏာပိုင်ခွင့်ဖြစ်ပါတယ်၊ အမေရိကန်၊ ဗြိတိန် စတဲ့ အနောက်ဒီမိုကရေစီ နိုင်ငံတွေမှာလည်း နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဥပဒေစည်းမျဉ်းတွေရှိကြပြီး၊ အဲဒီ ဥပဒေတွေနဲ့ မကိုက်ညီရင် ဘယ်သူကပြောပြော နိုင်ငံသားဖြစ်ခွင့်ပေးကြမှာ မဟုတ်ပါဘူး၊ မြန်မာမှာလည်း ဒီသဘောပဲဖြစ်ပါတယ်၊ ပြီးတော့ အစိုးရကဆောင်ရွက်နေတဲ့ စာရင်းကောက်ယူရေးလုပ်ငန်းတွေမှာ ဘင်္ဂါလီလူမျိုးတွေက ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်နေတာကိုလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေနဲ့ ထောက်ပြဖို့လိုပါမယ်လို့ သူ့ရဲ့ Facebook စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။
ဒါ့ပြင် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တတိယကော်မတီရဲ့ ဆုံးဖြတ်ချက်ဟာ မလိုက်နာမနေရ၊ မလုပ်မနေရတဲ့ သဘောမဟုတ်ကြောင်းလည်း ဖေါ်ပြထားပါတယ်။