အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ အမေရိကန် ပြော

RFA Burmese
2024.06.03
အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ အမေရိကန် ပြော စင်ကာပူတွင် ကျင်းပသော 20th IISS Shangri-La Dialogue ၏ ပထမစုံညီအစည်းအဝေးတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့တွင် မိန့်ခွန်းပြောကြားနေစဉ်။
AFP

မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို အပြည့်အ၀အကောင်အထည်ဖော်ရေးကို ထောက်ခံတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က ဇွန်လ ၂ ရက်နေ့မှာ ပြောပါတယ်။

ဘရူနိုင်း၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနဲ့ အရှေ့တီမောနိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေနဲ့ Lloyd Austin တို့ ဒေသတည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်တွေကို စင်ကာပူနိုင်ငံမှာ တွေ့ဆုံဆွေးနွေးချိန် အခုလို ပြောဆိုခဲ့တာလို့ စင်ကာပူအခြေစိုက် အမေရိကန်သံရုံးက ဖော်ပြပါတယ်။

အာဆီယံဘုံသဘောတူညီချက် ငါးချက်ကတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ ငြိမ်းချမ်းတဲ့ အဖြေတစ်ခုရဖို့ သက်ဆိုင်သူတွေ ဆွေးနွေးကြဖို့၊ အာဆီယံဥက္ကဋ္ဌနဲ့ အထူးကိုယ်စားလှယ်က ဆွေးနွေးမှုတွေမှာ ကြားဝင်ဆောင်ရွက်ဖို့၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့နဲ့ အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့နဲ့ သက်ဆိုင်သူတွေ တွေ့ဆုံဖို့ စတဲ့အချက်တွေဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ မြင့်တက်လာနေတဲ့အပေါ်မှာလည်း အလွန်အမင်းစိုးရိမ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

မြန်မာနယ်စပ်က အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ၂၀၂၄ ဧပြီ ၁၈ ရက်နေ့က တိုက်တွန်းထားမှုကိုလည်း ကျေးဇူးတင်တယ်လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပိုမိုဆိုးရွားလာတဲ့ ပဋိပက္ခတွေနဲ့ လူသားချင်းစာနာထောက်မှုဆိုင်ရာ အကျပ်အတည်းတွေဖြစ်အောင် တွန်းအားပေးနေတာတွေ ပိုတိုးလာပြီး အရပ်သားပြည်သူတွေ ထိခိုက်နစ်နာမှုတွေ ရှိနေတဲ့အပေါ် အမေရိကန်၊ ယူကေ၊ ဩစတြေးလျအပါအဝင် နိုင်ငံ ကိုးနိုင်ငံနဲ့ ဥရောပသမဂ္ဂတို့ကလည်း စိုးရိမ်ကြောင်း မေလ ၂၄ ရက်နေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။