မြန်မာဆန်နီ ဖိနပ်စက်ရုံ အလုပ်သမားတွေ လိုလားချက် ရ
2012.03.09

မြန်မာဆန်နီ ဖိနပ်စက်ရုံက အလုပ်သမားတွေ ဆန္ဒပြရတဲ့ အကြောင်းရင်းနဲ့ ဒီကနေ့ စက်ရုံတာဝန်ရှိသူတွေနဲ့ အလုပ်သမားတွေ ညှိနှိုင်းသဘောတူညီခဲ့တဲ့ နောက်ဆုံးအခြေအနေကို ဆန္ဒပြရာမှာပါဝင်တဲ့ အလုပ်သမတစ်ဦးက အာအက်ဖ်အေကို ပြောပါတယ်။
“ကျန်ခဲ့တဲ့လစာ တိုးပေးမယ်ဆိုပြီး မတိုးလို့ မနေ့က ဆယ့်တစ်ခွဲ နေ့တစ်ဝက်နဲ့ ပြန်လာကြတာ။ ဒီနေ့ သွားပြီးတော့ လေဘာရုံးက လူတွေနဲ့ရော အကုန်လုံး ညှိတယ်။ တစ်နာရီ လုပ်အားခ ၁၅ ကျပ် တိုးပေးတယ်။ အရင်တုန်းက ၈၈ ကျပ်ရတာ တိုးလိုက်တော့ ၁၀၃ ကျပ်။ ကျွမ်းကျင်မှုကြေး ၂၀၀၀ တိုးတယ်။ ရက်မှန်ကြေးက အရင်တုန်းက ၅၅၀၀ ရတာ အခု ၁၅၀၀ ထပ်တိုးပေးတယ်။ အရင်တုန်းက ရုံးပိတ်ရက်တွေ မထည့်ပေးဘူး၊ အခု ထည့်ပေးရမယ်ပေါ့နော်။ အဲလောက်နဲ့ ကျေနပ်လိုက်တယ်ပေါ့”
ဆန္ဒပြ အလုပ်သမားတွေဘက်က တောင်းဆိုချက် ၁၀ ချက် တောင်းဆိုခဲ့ရာမှာ အဓိကကျတဲ့ အချက်တွေကို လုပ်ငန်းရှင်နဲ့ အလုပ်သမားကြား မြို့နယ်အလုပ်သမား ကြီးကြပ်ရေးကော်မတီက လာရောက် ညှိနှိုင်းပေးခဲ့တာ ဖြစ်ပါတယ်။
အလုပ်သမားတွေရဲ့ အဓိက တောင်းဆိုချက်တွေကို လုပ်ငန်းရှင်ဘက်က လိုက်လျောလိုက်တာနဲ့ ပတ်သက်ပြီး ဆန္ဒပြ အလုပ်သမားအရေး ကူညီပေးနေတဲ့ ကိုသန်းက အခုလိုပြောပါတယ်။
“စနစ်တကျနဲ့ တောင်းဆိုချက် ၁၀ ချက် တောင်းဆိုတယ်။ အဓိက ဒေးကြေး တစ်နာရီလုပ်ခကို တိုးပေးဖို့၊ နိုင်ငံတော် ရုံးပိတ်ရက်တွေမှာ လစာအပြည့်နဲ့ ခံစားခွင့်ပေးဖို့၊ ရက်မှန်ကြေး ဆုကြေးတွေ တိုးမြှင့်ပေးဖို့ စက်ရုံပိုင်ရှင်ဘက်က သဘောတူလိုက်တယ်။ အားလုံး ပေါင်းလိုက်လို့ရှိရင်တော့ သူတို့ တစ်လကို ၈၀၀၀ လောက် ပိုရသွားတာပေါ့"
စက်ရုံ တာဝန်ရှိသူတွေဘက်က ယခု ဆန္ဒပြရက်တွေကို အလုပ်လုပ်ရက်အဖြစ် သတ်မှတ်ပေးခဲ့ပြီး နောင်တခြားကိစ္စတွေ ဖြစ်ပေါ်ခဲ့ရင် အလုပ်သမား ကိုယ်စားလှယ် ၁၀ ဦးက စက်ရုံမန်နေဂျာနဲ့ တိုက်ရိုက် ပြောဆိုတင်ပြဖို့ သဘောတူခဲ့ပါတယ်။
ဒါ့အပြင် တနင်္ဂနွေမှာ အချိန်ပိုဆင်းရင် လုပ်ငန်းရှင်ဘက်က အလုပ်သမားတွေကို နေ့တွက်၂ ထောင် ချက်ချင်း ထုတ်ပေးဖို့လည်း သဘောတူခဲ့လို့ အလုပ်သမားတွေ မနက်ဖြန် အလုပ်ပြန်ဆင်းမယ့်အကြောင်း သိရပါတယ်။