နွေကျောင်းပိတ်ရက် မူလအတိုင်းပြန်သတ်မှတ်ဖို့ ဆရာများအဖွဲ့ချုပ် တောင်းဆို
2020.01.06
အခြေခံပညာကျောင်းတွေရဲ့ ပညာသင်ကာလကို မတ်လကုန်အထိ သတ်မှတ်လိုက်တဲ့အပေါ် ပြင်ဆင်ပြောင်းလဲမှု မလုပ်ဘူးဆိုရင် ဆရာ၊ ဆရာမတွေအနေနဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲရုံတာဝန်တွေကို ကူညီဆောင်ရွက် တော့မှာ မဟုတ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က မနေ့က ကြေညာချက်ထုတ်ပြန် ပြောလိုက်ပါတယ်။
အထွေထွေ ရွေးကောက်ပွဲ ကျင်းပတဲ့အခါ မဲရုံးမှူး၊ လက်ထောက်မဲရုံမှူးအပါအဝင် မဲရုံဝန်ထမ်း အရေအတွက်ဟာ တစ်သိန်းကျော်ခန့်လိုအပ်တာဖြစ်ပြီး လိုအပ်တဲ့ မဲရုံဝန်ထမ်းအရေအတွက်ကို အခြေခံပညာအဆင့် ဆရာ၊ ဆရာမ တွေဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အများဆုံးဖြည့်ဆည်းဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။
ပညာရေးဝန်ကြီးဌာနက လက်ရှိပညာသင်နှစ်ဖြစ်တဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ကစလို့ အခြေခံပညာကျောင်းတွေ ကို မတ်လအထိတိုးမြှင့်လိုက်ပြီလို့ ၂၀၁၉ ဧပြီလလောက်ကတည်းက ကြေညာခဲ့ပြီး ဆရာ၊ ဆရာမတွေနဲ့ ကျောင်း သားမိဘတွေက မဖြစ်သင့်ကြောင်း ဝေဖန်ကန့်ကွက်မှုတွေရှိခဲ့ပါတယ်။
ဒါပေမဲ့လို့ ပညာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတွေက မတ်လကုန်အထိ ကျောင်းတက်ရမယ်ဆိုတဲ့ မူဝါဒကို ပြောင်းလဲမှာ မဟုတ်ကြောင်း ဒီလထဲပြုလုပ်တဲ့ ပညာရေးဝန်ကြီးဌာနရဲ့ ဆွေးနွေးပွဲတွေမှာ ပြောခဲ့ပါတယ်။
ဒီပြောဆိုချက်တွေကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ကလည်း မနေ့က ကြေညာချက် တစ်စောင်ထုတ်ပြန်ပြီး တုံ့ပြန်လာပါတယ်။ အဲ့ဒီကြေညာချက်မှာ မတ်လအထိ ကျောင်းတက်ရမယ်ဆိုတဲ့ မူဝါဒကို ဆက်လက်အကောင်အထည်ဖော်မယ်ဆိုရင် ဆရာ၊ ဆရာမတွေအနေနဲ့ သူတို့မူလတာဝန်တွေနဲ့ လုံးဝမသက်ဆိုင် တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲရုံတာဝန်တွေကို မကူညီ၊ မပူးပေါင်းဘဲ ဆန့်ကျင်သွားမယ်လို့ ပြောလာ ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမိုးအောင်က အားလုံးတားနေ တဲ့ကြားက ပညာရေးဝန်ကြီးဌာနအနေနဲ့ အခုလို ဆက်လက်ဆောင်ရွက်တဲ့အတွက် အဖွဲ့ချုပ်က အခုလိုကြေညာ ချက်ထုတ်ရတာလို့ ဆိုပါတယ်။
“မဆောင်ရွက်လို့မရဘူး။ နေမကောင်းတဲ့သူ၊ ဆေးခွင့်တင်တဲ့သူကလွဲရင် ကျန်တဲ့သူတွေက အကုန်လုံးစောင့်ရ ပါတယ်။ တခါတလေကျရင် ရပ်ကွက်ထဲကလည်း ခေါ်တယ်၊ ကျောင်းကလည်း ခေါ်တယ် နှစ်နေရာဖြစ်နေရင် ဘယ်နေရာသွားရမှန်း မသိတဲ့ဟာလည်း ဖြစ်ပါတယ်။ ဟုတ်ပါပြီ။ ဒါဟာ ဆရာ၊ ဆရာမတွေကို ယုံကြည်လို့ ခိုင်းတယ်ဆိုရင် အောက်ခြေက ဆရာ၊ ဆရာမတွေရဲ့ စကားတွေလည်း ပြန်လည်ယုံကြည်သင့်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန်ပေါ့။ အားလုံးတားနေတဲ့ကိစ္စကို ဆက်လုပ်တဲ့အတွက်ကြောင့် ကျနော်တို့ကလည်း ပြန် ပြီးတော့ အကျပ်ကိုင်တဲ့သဘောပါပဲ။”
မတ်လဟာ ရာသီဥတုအားဖြင့် ပူအိုက်သလို တချို့ဒေသတွေက ကျောင်းတွေမှာ ရေအခက်အခဲရှိကြောင်း၊ ဆရာ၊ ဆရာမတွေအနေနဲ့လည်း သင်ရိုးသစ်တွေအတွက် သင်တန်းပြန်တက်ရတာတွေ၊ စာမေးပွဲဖြေရတာတွေရှိတဲ့ အတွက် မအားလပ်နိုင်ကြောင်း ပြောပါတယ်။
ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ လေးတန်းနဲ့ ရှစ်တန်း စာမေးပွဲတွေကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကနေ မတ်လ ၃ ရက်နေ့အထိ စစ်ဆေးသွားမှာဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၁၁ ရက်နေ့ကနေ ၂၀ ရက်နေ့အတွင်း စစ်ဆေးမှာဖြစ်ပါတယ်။
ကျန်အတန်းတွေကို ကျောင်းတွင်းစစ်စာမေးပွဲအနေနဲ့ မတ်လ ၂၃ ရက်နေ့ကနေ မတ်လ ၃၀ ရက်နေ့ အထိ စစ်ဆေးသွားမယ်လို့ သိရပါတယ်။
ဒါကြောင့် လေးတန်း နဲ့ ရှစ်တန်းဟာ စာမေးပွဲဖြေပြီးမှ ကျောင်းပြန်တက်ရမယ့် အခြေအနေတွေ ရှိနေပါတယ်။
ရန်ကုန်မြို့၊ တောင်ဒဂုံမှာ နေထိုင်တဲ့ ကိုးတန်းနဲ့ ခြောက်တန်း ကျောင်းသားနှစ်ယောက်မိခင် ဒေါ်မြင့်သန်း ကလည်း ပညာရေးဝန်ကြီးဌာနရဲ့ ပြောင်းလဲလိုက်တဲ့ စာသင်ကြားချိန် မူဝါဒ အပြောင်းအလဲကို ကန့်ကွက်တယ်လို့ ပြောပါတယ်။
“ဝန်ကြီးပြောသလို ထိန်းပေးထားတဲ့သဘောမျိုးပြောတာက ကလေးငယ်တွေက မှန်တယ်။ အမတို့ကလေးတွေ က အမေတွေကို ကူညီနေတဲ့ ကလေးတွေဖြစ်တဲ့အတွက် အမတို့အတွက်တော့ အဆင်မပြေဘူး။ ဈေးဆိုင်တွေ ဘာတွေ ကူရောင်းရတယ်လေ။ လွယ်အိတ်ဖိုး၊ စာအုပ်ဖိုး၊ အဝတ်အစားဖိုးတွေကို ကလေးတွေက သူတို့နွေရာသီ သုံးလမှာ အမတို့ အညာမှာနေခဲ့တုန်းက ရှာရတယ်။ငွေစုရတယ်။ တချို့ဆို နေ့စားအလုပ်လုပ်ပြီးမှ ငွေစုရတဲ့ ကလေးတွေရှိတယ်။”
ပညာရေးဝန်ကြီးဌာနအနေနဲ့ ဆရာ၊ ဆရာမတွေ၊ မိဘတွေနဲ့ ကျောင်းသူ၊ကျောင်းသားတွေရဲ့ အခက်အခဲတွေကို လျစ်လျူရှုပြီး အတင်းအဓမ္မစာသင်ကာလကို တိုးမြှင့်လိုက်တာဟာ ဒီမိုကရေစီစနစ်ကို ဆန့်ကျင်ရာရောက်သလို မတ်လကုန်အထိ စာသင်ကာလတိုးမြှင့်လိုက်ခြင်းဟာ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ပညာအရည်အချင်းကို ထူးခြားစွာ တိုးတက်မြင့်မားလာစေမှာ မဟုတ်ဘူးလို့လည်း ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ဆိုပါတယ်။
အခြေခံပညာဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ အခြေခံပညာ အတန်းတွေအနေနဲ့ မတ်လကုန်အထိ ကျောင်းတက်ရမယ်ဆိုတဲ့ မူဝါဒကို ကန့်ကွက်နေတာတွေရှိပေမယ့် မူအရ ပြောင်းလဲလို့မရတာကြောင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အခုလ ၂ ရက် နေ့က ပျဉ်းမနားမြို့မှာ ပြုလုပ်တဲ့ ပညာရေးဝန်ကြီးဌာနရဲ့ ဆွေးနွေးပွဲ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
ဦးကိုလေးဝင်းကို RFA က ဖုန်းနဲ့ ဒီနေ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းပိတ်ထားတဲ့အတွက် အဆက် အသွယ်မရခဲ့ပါဘူး။
ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့ အဖွဲ့တွေကတော့ ဆရာ၊ ဆရာမတွေအနေနဲ့ မဲရုံတာဝန်တွေကို မထမ်းဆောင်တော့ဘူးဆိုရင် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ လုပ်ငန်းဆောင်ရွက်ရမှု ပိုမိုများလာပြီး အခက်အခဲတချို့ရှိလာနိုင်တယ်လို့ ပြောပါတယ်။
ဒါပေမဲ့လို့ ရွေးကောက်ပွဲ မဲရုံဝန်ထမ်းတာဝန်တွေကို နိုင်ငံဝန်ထမ်းတွေ၊ ဆရာ၊ ဆရာမတွေကိုပဲ အသုံးပြုတာထက် လူငယ်တွေ၊ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေ၊ ရပ်ရွာအတွင်း သမာသမတ်ကျသူတွေကို ထည့်သွင်းအသုံး ပြုတာမျိုးဖြစ်သင့်တယ်လို့ ပြောကြပါတယ်။
“အစဉ်အလာအရ ၂၀၁၀ တုန်း ဆရာ၊ ဆရာမတွေပဲသုံးခဲ့တော့ အလွယ်တကူ ဆရာ၊ ဆရာမတွေကို သုံးလို့ရမယ်။ နောက်ပြီးတော့မှ နိုင်ငံဝန်ထမ်းဖြစ်တဲ့အတွက် သူတို့ပိုပြီးတော့မှ လုပ်ထုံးလုပ်နည်းတွေအရ ညွန်ကြားလို့ရမယ်။ ဒါကြောင့်မို့ သူတို့ အဲ့လိုမျိုးလုပ်တာ ရေရှည်မှာတော့ အဲဒါမျိုးကမကောင်းဘူး။ နိုင်ငံတကာမှာလည်း အဲဒေသမှာ ရှိတဲ့ မဲဆန္ဒရှင်တွေ ပါဝင်ပြီးဆောင်ရွက်ကြတာ။ ဒါမှလည်း ပြည်သူလူထုက ပိုပြီးတော့မှ နားလည်လာမှာ။”
ဒါကတော့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ တစ်ခုဖြစ်တဲ့ PACE အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့် ပြောသွားတာပါ။
ဆရာ၊ ဆရာမများအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ကို RFA က ဒီနေ့ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။
ပြည်တက္ကသိုလ်တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာ အောင်အောင်မင်းက မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ရွေးကောက်ပွဲမှာ ကူညီဆောင်ရွက်မှာ မဟုတ်တော့ကြောင်း ထုတ်ပြန်ချက်ဟာ အဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်သာဖြစ်ပြီး ဆရာ၊ ဆရာမ အားလုံးရဲ့ သဘောထားက ဒီလိုမဖြစ်နိုင်ဘူးလို့ သုံးသပ်ပါတယ်။
“ကျနော်နားလည်တာကတော့ သူတို့အနည်းစုရဲ့ ဆန္ဒတွေနဲ့ပဲ ထုတ်လိုက်တယ်လို့ ထင်တာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကြေညာချက်က ချက်ခြင်းထွက်တာကိုး။ နောက်ပြီးတော့ အခုမီဒီယာပေါ်မှာ တွေ့နေရတာ၊ တချို့ဆရာ၊ ဆရာမတွေက ဒီဟာကို လက်မခံဘူးလို့ ပြောနေတယ်။ သူတို့က ထမ်းဆောင်မှာပဲလို့ ပြောနေတာရှိတော့ ကျနော်တော့ မဆိုင်ဘူးလို့ ထင်တယ်။ ဒါကျနော်တစ်ယောက်တည်းရဲ့အမြင်ပါ။”
ဒီနေ့မှာလည်း အခြေခံနဲ့ အဆင့်မြင့်ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကော်မတီကလည်း စာသင်ချိန်ကာလ တိုးမြှင့်လိုက်တာနဲ့ စာမေးပွဲကာလပြောင်းလဲလိုက်တာကို အရင်နှစ်တွေအတိုင်းပြန်ထားဖို့နဲ့ ပြင်ဆင်ပြောင်းလဲမှု မလုပ်ဘူးဆိုရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေဟာ ပညာရေးဝန်ကြီးဌာနကသာ တိုက်ရိုက်တာဝန်ရှိမှာဖြစ် တယ်လို့ ကြေညာချက် ထုတ်ပြန်ပြောလာပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကောက်ယူထားတဲ့ အခြေခံမဲစာရင်းအရ မဲပေးနိုင်သူဦးရေ ၃၇ သန်း ကျော်ထိရှိတဲ့အတွက် ၂၀၁၅ ရွေးကောက်ပွဲကထက် လူဦးရေ ၃ သန်းခန့် ပိုများလာတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ကပြောထားပါတယ်။ မဲပေးနိုင်သူအရေအတွက် ၃ သန်းခန့်တိုးလာတဲ့အတွက် မဲရုံအရေအတွက် တွေလည်း တိုးလာနိုင်တာကြောင့် မဲရုံဝန်ထမ်းအရေအတွက်လည်း ပိုမိုလိုအပ်လာနိုင်ကြောင်း တင်ပြလိုက် ရပါတယ်။