သြင်္ကန်စည်ကား အများအပြား ဆေးရုံရောက်
2016.04.13

ဒီကနေ့ သြင်္ကန်အကျနေ့မှာ ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီးတွေအပါအဝင် နိုင်ငံအနှံ့စည်ကားနေပါတယ်။ အခုနှစ်ြင်္ကန်မှာ ရန်ကုန်ထက် မန္တလေးမြို့က ပိုပြီး စည်ကားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်သြင်္ကန်မှာတော့ တမြို့လုံးအနှံ့ မဏ္ဍငယ်အများအပြားကို တွေ့ရတယ်လို့ နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူ က ပြောပါတယ်။
"ကားမောင်းရတာကတော့ နည်းနည်းစိတ်ချမ်းသာတယ်၊ ရပ်ကွက်မဏ္ဍပ်တွေရှိတယ်၊ ကလေးတွေ လမ်းထိပ်ကလေးတွေမှာ အုန်းလက်ကလေးတွေနဲ့ မဏ္ဍပ်ကလေးတွေထိုး အဲ့ဒါမျိုးတွေရှိပါတယ်၊ မဏ္ဍပ်အကြီးကြီးတွေက နည်းတော့နည်းသွားတယ်၊ အင်းလျားကန်ဘောင်ထဲက ပိုက်ကြီးတွေချပြီးတော့ မဏ္ဍပ်တွေကသုံးတာ အဲ့ဒါတွေကသုံးတာ ကျနော်တို့က ရေတူးနေတဲ့သူဆိုတော့ ရေကိုနည်းနည်းနှမြောတာပေါ့၊ နယ်ဒေသတွေမှာ ရေရှားပါးတဲ့အချိန်မှာ ရန်ကုန်မှာရေတွေ ဒီလိုပေါပေါသီသီ ကန်ထဲကနေ ပိုက်ကြီးတွေနဲ့ ဆွဲထုတ်ပြီးသုံးတာ ဒါကတော့ လူမြင်မကောင်းဘူးပေါ့"
ဦးကျော်သူ က ရန်ကုန်မှာ အကျနေ့အထိ ယဉ်မတော်တဆမှုတွေနဲ့ တခြားခိုက်ရန်ဖြစ်ပွားမှုတွေ ခါတိုင်းနှစ်တွေထက် နည်းပါးတယ်လို့ ဆိုပါတယ်။ မန္တလေးမြို့မှာတော့ အကြိုနေ့နဲ့ အကျနေ့ နှစ်ရက်လုံး ယဉ်မတော်တဆ တိုက်ခိုက်မှု အများအပြားဖြစ်ပွားခဲ့ပါတယ်။ မနေ့က မန္တလေးဆေးရုံကြီးကို ရောက်ရှိလာသူတွေနဲ့ ပတ်သက်ပြီး ဒေါက်တာမင်းလွင်က "၁၂ ရက်နေ့ မနက် ၈ နာရီကနေ ဒီ ၁၃ ရက်နေ့ မနက် ၈ နာရီဆို ကျနော်တို့က စာရင်းချုပ်တာပေါ့လေ၊ မန္တလေးဆေးရုံကြီးမှာရောက်ပြီး သေတဲ့လူက ၄ ယောက်ရှိတယ်၊ အပြင်ကနေ သေတဲ့လူနာက ၃ ယောက်ရှိတယ်၊ စုစုပေါင်းသေတာက ၇ ယောက်ရှိပါတယ်၊ အများဆုံးက တဝက်လောက်က ယာဉ်တိုက်မှုတွေဖြစ်တာ" လို့ ပြောပါတယ်။
မန္တလေးပြည်သူ့ဆေးရုံကြီးကို ရောက်ရှိလာသူ လူနာစုစုပေါင်း ၂၅၂ ဦးရှိပြီး ဆေးရုံမှာ ဆက်လက်ကုသထားရသူ ၄၄ ဦးရှိပါတယ်။
ဒီကနေ့ သြင်္ကန်အကျနေ့မှာ မော်လမြိုင်၊ ပြည်၊ မုံရွာ၊ ပုသိမ်၊ ပဲခူး၊ ကျောက်ဆည် နဲ့ စစ်ကိုင်းစတဲ့ မြို့တွေမှာလည်း သံြင်္ကန်သံချပ်အဖွဲ့တွေ အလှပြကားတွေ၊ ဖျော်ဖြေရေးယာဉ်တွေနဲ့ စည်ကားနေတယ်လို့ ဆိုပါတယ်။ ရန်ကုန်၊ မန္တလေး၊ အင်းလေးနဲ့ ပုဂံမြို့တွေမှာ ကမ္ဘာလှည့်ခရီးသည်တွေလည်း ပါဝင်ရေကစားနေကြတာကို မြင်ရပါတယ်။