စစ်ကိုင်း သစ်စက် လုပ်သားများ နေပြည်တော်ကို ချီတက်


2016.04.29
myanmar-veneer-workers-620.jpg Myanmar Veneer သစ်အချောထည်စက်ရုံက ဆန္ဒပြအလုပ်သမားတွေ ဧပြီလ ၂၉ ရက်နေ့က စစ်ကိုင်းမြို့ကနေ နေပြည်တော်မြို့ကို လမ်းလျှောက်ချီတက်စဉ်
Photo: Hset Paing Toe/RFA

စစ်ကိုင်းမြို့ Myanmar Veneer သစ်စက်ရုံရှေ့မှာ ၂ လကျော်ကြာ ထိုင်သပိတ်ဆန္ဒပြခဲ့ကြတဲ့ အလုပ်သမား တစ်ရာကျော်ဟာ သူ တို့တောင်းဆိုချက်တွေ မရရှိသေးတာကြောင့် နေပြည်တော်မှာ ဆက်လက်တောင်းဆိုဖို့အတွက် ဒီကနေ့ စစ်ကိုင်းမြို့ကနေ နေပြည်တော်ဆီ လမ်းလျှောက်ချီတက်ကြပါတယ်။

သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်တွေက သူတို့အခက်အခဲကို ပြေလည်အောင်ဖြေရှင်းမပေးနိုင်တဲ့ အတွက် နေပြည်တော်ကို ချီတက်ပြီးတောင်းဆိုတာလို့ Myanmar Veneer စက်ရုံလုပ်သား ကိုခိုင်မင်း က ပြောပါတယ်။

"အရင်ကတော့ ကျနော်တို့ အလုပ်သမားတွေ ဥပဒေမဲ့ အလုပ်ထုတ်ခံထားရတာကို အလုပ်ပြန်လည် ရရှိဖို့၊ မှားယွင်းစွာဥပဒေမဲ့ အလုပ်ထုတ်သည့်အတွက်ကြောင့် အလုပ်သမားတွေကို ကြားကာလ နစ်နာကြေးပေးဖို့ဆိုပြီး တောင်းဆိုတယ်၊ ဒါပေမဲ့ အလုပ်ရှင်က ဥပဒေမလိုက်နာသည့်အတွက်ကြောင့် တရားဥပဒေစိုးမိုးမှု မရှိသည့်အတွက်ကြောင့် ကျနော်တို့ တရားဥပဒေစိုးမိုးရေးအတွက် တောင်းဆို တယ်၊ အလုပ်ရှင် အလုပ်သမား အစိုးရ သုံးပွင့်ဆိုင် ညှိနှိုင်းဆောင်ရွက်ပေးရေးဆိုပြီး ကျနော်တို့တောင်း ဆိုတယ်၊ ဥပဒေချိုးဖောက်တဲ့ ခရိုနီတွေကို မလိုမရှိတဲ့အကြောင်း ဆန္ဒပြဖော်ထုတ်သွားရမယ်"

လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလက စက်ရုံအလုပ်သမား ၁၂၈ ဦး အလုပ်ထုတ်ခံလိုက်ရပြီး စက်ရုံရှေ့မှာ ထိုင်သပိတ် လုပ်ခဲ့ကြတာ ၂ လကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

အလုပ်သမားတွေက လုပ်သက်အလိုက် ကျွမ်းကျင်ကြေး၊ လုပ်သက်ခံစားခွင့်၊ ရက်မှန်ကြေး၊ စားစရိတ်၊ နေစရိတ်၊ အကြိုအပို့စရိတ်တွေကို ခံစားခွင့်ရရှိမယ်ဆိုပြီး အလုပ်ရှင်နဲ့ သဘောတူခဲ့ပြီးမှ အလုပ်ရှင်ဘက်က သဘောတူညီချက်ကို ဖေါက်ဖျက်တယ်လို့ ပြောပါတယ်။

စစ်ကိုင်းမြို့ကနေ ချီတက်လာတဲ့လမ်းမှာ ခွင့်ပြုချက်တောင်းခံထားတာ မရှိတဲ့အတွက် မြို့နယ်ရဲမှူးတွေ နဲ့ ထွေထွေအုပ်ချုပ်ရေးမှူးတွေက တားမြစ်ခဲ့ပေမယ့် ဆက်လက်ချီတက်ခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံသားပိုင်ဆိုင်တဲ့ Myanmar Veneer သစ်အချောထည်စက်ရုံမှာ လုပ်သား ၂၀၀ ကျော် ရှိပြီး နိုင်ငံခြားသားက တိုက်ရိုက်အုပ်ချုပ်တဲ့ စက်ရုံဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။