အလုပ်ရှင်၊ အလုပ်သမား ဥပဒေ ပြင်ပေးဖို့ စစ်ကိုင်း အလုပ်သမားများ တောင်းဆို


2016.03.20
myanmar-veneer-workers-protest-620.jpg စစ်ကိုင်းတိုင်းဒေသကြီး စက်မှုဇုန် Myanmar Veneer သစ်အခြေခံစက်ရုံရှေ့မှာ အလုပ်သမားတချို့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ဆန္ဒပြတောင်းဆိုနေစဉ်
Photo: RFA

လာမယ့် အစိုးရသစ်အနေနဲ့ လက်ရှိကြုံတွေ့နေရတဲ့ အလုပ်ရှင်အလုပ်သမား ဥပဒေတွေကို ပြင်ဆင်သတ်မှတ်ပေး ဖို့ စစ်ကိုင်းတိုင်းဒေသကြီး စက်မှုဇုန် Myanmar Veneer သစ်အခြေခံစက်ရုံရဲ့ သပိတ်မှောက် အလုပ်သမားတွေ က တောင်းဆိုလိုက်ကြပါတယ်။

ဒီကနေ့ Myanmar Veneer သစ်အခြေခံစက်ရုံရှေ့မှာ ရက်ပေါင်း ၂၀ ကျော်ကြာ ဆန္ဒထုတ်ဖော်နေကြတဲ့ လုပ်သားတွေက သမ္မတသစ်ကိုကြိုဆိုတဲ့ ဆိုင်းဘုတ်တင် အခမ်းအနားပြုလုပ်ပြီး အစိုးရသစ်ဆီ တောင်းဆိုတာဖြစ် တယ်လို့ ဆန္ဒပြအလုပ်သမား ခေါင်းဆောင် ဦးခိုင်မင်းက ပြောပါတယ်။

"ကျနော်တို့အလုပ်သမားတွေက နေရာတိုင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာမှာ ဥပဒေတွေကိုအလုပ် ရှင်တွေ ချိုးဖောက်တာကို ကျနော်တို့ ခံနေရတယ်၊ အလုပ်သမား ဥပဒေတွေကို ပြင်စေချင်တယ်၊ ဥပဒေတွေ ကိုချိုးဖောက်တဲ့ အလုပ်ရှင်တွေကို ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ကို လုပ်ဆောင်စေချင်တယ်၊ ပြီးရင် ကျနော်တို့ ရဲ့ပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက်ပေးတဲ့အကူအညီကို လိုချင်ပါတယ်"

အဲဒီသပိတ်စခန်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က အလုပ်ထုတ်ခံထားရတဲ့ စက်ရုံလုပ်သား ၁၂၈ ဦး စလုံးဟာ အခုချိန်ထိ ထိုင်သပိတ်လုပ်ပြီး အလုပ်ပြန်လည်ခန့်ထားပေးဖို့ တောင်းဆိုနေကြပါတယ်။

သူတို့တွေဟာ တစ်ရက်လုပ်ခ ၃၆၀၀ ကျပ်သာရရှိတဲ့အတွက် ကျွမ်းကျင်ကြေး၊ လုပ်သက်ခံစားခွင့်၊ ရက်မှန်ကြေး၊ စားစရိတ်၊ နေစရိတ်နဲ့ ခရီးစရိတ်တွေကို ထပ်ဆောင်းပေးဖို့ တောင်းဆိုခဲ့ရာကနေ အလုပ်ရှင်က အလုပ်ထုတ် ခံခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ စက်ရုံကိုယာယီရပ်ဆိုင်းထားပြီး စစ်ကိုင်းတိုင်းခုံသမာဓိရုံးမှာ ကြားနားစစ်ဆေးမှုတွေကို ခံယူနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။