ILO ကန့်သတ်ချက်အားလုံး ရုတ်သိမ်းမှု မြန်မာ ကြိုဆို
2013.06.21
မြန်မာနိုင်ငံအပေါ် ကျန်ရှိနေသေးတဲ့ တားဆီးကန့်သတ်ချက်အားလုံးကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO ) က ပြန်လည် ရုတ်သိမ်းလိုက်တဲ့အပေါ် မြန်မာအစိုးရက ကြိုဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားယူ ခိုင်းစေမှုတွေကြောင့် ILO ဖွဲ့စည်းပုံ ပုဒ်မ (၃၃) အရ ILO က အရေးယူခဲ့တာပါ။ ဒါပေမဲ့ လက်ရှိ မြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲလာတဲ့ အခြေအနေတွေနဲ့ အဓမ္မလုပ်အားယူခိုင်းစေမှု တိုက်ဖျက်ရေးဆိုင်ရာ တိုးတက်လာတဲ့ ဆောင်ရွက်ချက်တွေကြောင့် ကျန်ရှိနေတဲ့ ကန့်သတ်ချက် အားလုံးကို ပြန်လည်ရုပ်သိမ်းဖို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံက ဇွန်လ (၁၈) ရက်နေ့မှာ မဲပေးဆုံးဖြတ်ခဲ့ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံကို အရေးယူဖို့ ILO ကို တင်ပြတောင်းဆိုခဲ့တဲ့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FTUM အဖွဲ့ကလည်း ILO ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုတယ်လို့ ဆိုပါတယ်။ FTUM အဖွဲ့ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဒေါက်တာဇော်ဝင်းအောင်က -
"တားမြစ်ပိတ်ပင်ကန့်သတ်ချက်တွေ ချမှတ်ခဲ့တာက အဓမ္မလုပ်အားပေးစေခိုင်းမှု ကျူးလွန်ဆောင်ရွက်နေတာတွေရယ်၊ အသင်းအပင်းဖွဲ့စည်းမှု ပိတ်ပင်တားမြစ်ထားတာရယ် အဲဒီအချက်တွေပေါ်မှာ အဓိကထားပြီးတော့ အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ ကျနော်တို့တင်ပြခဲ့တာပါ၊ အခုဒီအခြေအနေက ပြုပြုင်ပြောင်းလဲတဲ့အနေအထားကို ရောက်လာတဲ့အခါမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခွင့်အလမ်းတွေလည်း ပိုပြီးတော့ပွင့်လင်းလာစေဖို့၊ အလုပ်သမားအခွင့်အရေး ပိုပြီးတော့ပွင့်လင်းလာစေဖို့၊ ဒီလိုမျှော်လင့်ချက်မျိုးနဲ့ ကျနော်တို့ကတော့ အခုလို ILO ရဲ့ တားမြစ်ပိတ်ပင်ချက်တွေကို ဖွင့်ပေးတာကို ကျနော်တို့ထောက်ခံကြိုဆိုပါတယ်"
ဒါပေမဲ့ မြန်မာနိုင်ငံတွင်းက အလုပ်သမားအခွင့်အရေး ကူညီဆောင်ရွက်ပေးနေကြသူ တချို့ကတော့ ILO ရဲ့ဆုံးဖြတ်ချက်ဟာ အချိန်စောနေသေးကြောင်း ပြောဆိုကြပါတယ်။ ကူညီလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ မစုစုနွေးကလည်း အလုပ်သမား အခွင့်အရေးဆိုင်ရာနယ်ပယ်မှာ တိုးတက်မှုတချို့ရှိလာပေမဲ့၊ တိုင်းပြည်ရဲ့ နေရာအများအပြားမှာ အဓမ္မ လုပ်အားယူခိုင်းစေနေတဲ့ကိစ္စဟာ အဓိက ပြဿနာတစ်ရပ်အဖြစ် ရှိနေသေးတယ်လို့ ပြောဆိုကြောင်း AP သတင်းက ဖေါ်ပြပါတယ်။