ဓါတုလက်နက် ပိတ်ပင်ရေးကို မြန်မာ အတည်ပြုတော့မည်


2013.12.10

မြန်မာအစိုးရက ဓါတုဗေဒလက်နက်များသုံးစွဲမှု ပိတ်ပင်တားဆီးရေး ပဋိညာဉ်ကို အတည်ပြုဖို့ပြင်ဆင်နေပြီလို့ RFA ကိုဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်ပါတယ်။

နော်ဝေနိုင်ငံ အော်စလိုမြို့မှာ အင်္ဂါနေ့ကကျင်းပတဲ့ နိုဘယ်ဆုပေးပွဲမှာ OPCW ခေါ် ဓါတုလက်နက် ပိတ်ပင်ရေးအဖွဲ့ အကြီးအကဲက ဓါတုဗေဒလက်နက် ပိုင်ဆိုင်တဲ့နိုင်ငံတွေအနေနဲ့ သူတို့လက်ဝယ်ရှိလက်နက်တွေကို ဖျက်ဆီးပစ်ဖို့နဲ့ ဓါတုလက်နက် ပိတ်ပင်တားဆီးရေးစာချုပ်ကို လိုက်နာဆောင်ရွက်ဖို့ တရားဝင် အသိအမှတ်မပြုရသေးတဲ့ နိုင်ငံတွေအနေနဲ့လည်း အမြန်ဆုံး လိုက်နာအသိအမှတ်ပြုကြဖို့ တိုက်တွန်းခဲ့ပါတယ်။

အဲဒီ အခမ်းအနားမှာ OPCW ညွှန်ကြားရေးမှူးချုပ် Ahmet Uzumcu က မြန်မာ၊ အင်ဂိုလာနဲ့ တောင်ပိုင်းဆူဒန်သမ္မတနိုင်ငံတွေအနေနဲ့ ဓါတုလက်နက် ပိတ်ပင်ရေးစာချုပ်ကို တရားဝင်အသိအမှတ်ပြုဖို့ အခုစီစဉ်နေကြပြီဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး RFA က ဆက်သွယ်မေးမြန်းရာမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ပြောခွင့်ရ ပုဂ္ဂိုလ် ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က မိမိတို့အစိုးရအဖွဲ့အနေနဲ့ ဓာတုလက်နက် အသုံးပြုမှုပိတ်ပင်ရေး ပဋိညာဉ်ကို လက်မှတ်ရေးထိုးပြီးပြီဖြစ်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်ကို တင်ပြအတည်ပြုဖို့ လိုအပ်တဲ့ပြင်ဆင်မှုတွေကို အခု ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ထိုကဲ့သို့ပြင်ဆင်ရာမှာ ပဋိညာဉ်ကို အတည်ပြုပြီးနောက် ဆက်လက်လုပ်ဆောင်ရမယ့်လုပ်ငန်းတွေအတွက် OPCW နဲ့ တိုင်ပင်ဆွေးနွေးခြင်း၊ မြန်မာနိုင်ငံက ဝန်ထမ်းများအတွက် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်းနဲ့ လေ့ကျင့်ခြင်း ကိစ္စများ ပါဝင်ကြောင်း ဒီကနေ့ဗုဒ္ဓဟူးနေ့မှာ အတည်ပြုပြောကြားလိုက်ပါတယ်။ 

ဒါ့အပြင် ဒုတိယဝန်ကြီး ဦးရဲထွဋ်က မြန်မာနိုင်ငံအနေနဲ့ ဇီဝဗေဒလက်နက်အသုံးပြုမှု ပိတ်ပင်တားဆီးရေး ပဋိညာဉ်ကို လက်မှတ်ရေးထိုးနိုင်ဖို့အတွက်လည်း လိုအပ်တဲ့လေ့လာမှုများကို ပြုလုပ်နေကြောင်း RFA ကို ပြောပါတယ်။

ဒီဇင်ဘာ ၁ဝ ရက်နေ့က အော်စလိုမြို့မှာပြုလုပ်တဲ့၂ဝ၁၃ ခုနှစ်ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်တဲ့အခမ်းအနားမှာ ဆုငွေအမေရိကန်ဒေါ်လာ ၁ သန်း ၂  သိန်းရရှိခဲ့တဲ့ OPCW အဖွဲ့ရဲ့ ညွှန်ကြားရေးမှူးချုပ် Ahmet Uzumcu က ဓါတုဗေဒလက်နက်တွေရဲ့ဒဏ်ကြောင့် ဝေဒနာပြင်းပြစွာနဲ့ လူအမြောက်အများ သေကြေခဲ့ရသလို အသက်မသေ ကျန်ရစ်သူတွေဟာလည်း သူတို့ရဲ့ဘဝတစ်သက်တာပတ်လုံး စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေ ခံစားနေကြရပုံကို ကမ္ဘာ့နိုင်ငံတွေအနေနဲ့ စာနာသိရှိကြပါလို့ပြောကြားရင်း အမေရိကန်နဲ့ ရုရားနိုင်ငံတွေအနေနဲ့ သူတို့လက်ဝယ်ရှိ ဓါတုလက်နက်တွေကို ဖျက်ဆီးဖို့နဲ့ တဆက်တည်းမှာပဲ အစ္စရေးလ်နိုင်ငံအနေနဲ့လည်း ဓါတုလက်နက် ပိတ်ပင်တားဆီးရေးစာချုပ်ကို တရားဝင်အသိအမှတ်ပြုဖို့ တိုက်တွန်းသွားပါတယ်။

ဒါ့အပြင် ဆီးရီးယားနိုင်ငံက ဓါတုလက်နက်ဖျက်သိမ်းဖို့ သဘောတူလိုက်နာခဲ့တာကိုလည်း နိုဘယ်ဆုပေးပွဲမှာ OPCW ညွှန်ကြားရေးမှူးချုပ်က အသိအမှတ်ပြု ပြောကြားသွားပါတယ်။ ၁၉၉၇ ခုနှစ်ကဖွဲ့စည်းခဲ့တဲ့ OPCW ဓါတုလက်နက် ပိတ်ပင်ရေးအဖွဲ့ကို အခုအချိန်အထိ ကမ္ဘာ့နိုင်ငံ ၁၉ဝ က အဖွဲ့ဝင်အဖြစ်ပါဝင် လက်မှတ်ရေးထိုးထားပြီး ဒီနှစ်အတွင်း မကြာခင်က နောက်ဆုံးလက်မှတ်ထိုးခဲ့တာကတော့  ဆီးရီးယားနိုင်ငံဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။