အမျိုးသမီးဘောလုံးအသင်း ဆုငွေ သိန်း ၁၂၀၀ ကျော်ရရှိ
2013.12.19

မြန်မာအမျိုးသမီး ဘောလုံးအသင်းဟာ လက်ရှိအချိန် ထိ ဆုကြေးငွေ မြန်မာကျပ်ငွေ သိန်း ၁၂၀၀ ကျော် ရရှိနေပြီလို့ အမျိုးသမီးဘောလုံးအသင်း အောင်နိုင်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးလှဌေး က RFA ကို ဒီကနေ့ ပြောလိုက် ပါတယ်။
အဲဒီ ဆုကြေးငွေတွေထဲမှာ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် နာယက ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းနဲ့ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်တို့ရဲ့ ဆုကြေးငွေတွေအပြင် မန္တလေးမြို့ခံတွေရဲ့ ဆုကြေးငွေတွေလည်း ပါဝင်တယ်လို့ အသင်းအောင်နိုင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှဌေးက ပြောပါတယ်။
"အများဆုံး ချီးမြှင့်တာကတော့ ဦးအောင်ကိုဝင်းပေါ့နော် ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ သိန်း ၆ဝဝ ရယ်၊ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က သိန်း ၂ဝဝ၊ အောင်နိုင်ရေးကော် မတီ ဥက္ကဌ ဦးလှဌေးက သိန်း ၂ဝဝ၊ ဒီကြားထဲမှာ အမျိုးသမီးဘောလုံးအဖွဲ့ချုပ် ဥက္ကဌနဲ့ အဖွဲ့တွေကလည်း တစ်ဦးကို ရွှေဆွဲကြိုးတစ်ကုံးဆီချဖို့ ၂၉ ခုစာ သူတို့လုပ်ထားပါတယ်၊ ထူးဖောင်ဒေးရှင်းကလည်း ဆုချဖို့ပြောထားပါတယ်"
မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းမှာ မနေ့ညက ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ထိုင်းအသင်းကို ပင်နယ်လ်တီအဆုံးအဖြတ်နဲ့ ရံှုးနိမ့်သွားခဲ့ပေမဲ့ တတိယနေရာကို ရအောင်ယူသွားမှာဖြစ်တယ် လို့ မြန်မာအမျိုးသမီး ဘောလုံးအသင်း ကွင်းလယ်ကစားသမား နံပါတ် ၇ မသန်းသန်းထွေးက RFA ကိုပြောပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ မလေးရှားအမျိုးသမီးအသင်းနဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
အမျိုးသမီး ကွင်းလယ်ကစားသမား မသန်းသန်းထွေးကို RFA သတင်းထောက် ကိုမျိုးဇော် ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။