အလုပ်ထုတ်ခဲ့တဲ့ မြန်မာလုပ်သားတွေအတွက် လျော်ကြေးပေးဖို့ ထိုင်းတရားရုံး အမိန့်ချ
2018.12.21

ထိုင်းနိုင်ငံ ကချနပူရီခရိုင် ပကျွန်မြို့က ဒိုထိုင်းလန်း သစ်သီးစက်ရုံကနေ အလုပ်ဖြုတ်ခံခဲ့ရတဲ့ မြန်မာအလုပ်သမား ၇၀ ကျော်အတွက် လျော်ကြေးငွေ ထိုင်းဘတ်တစ်သန်းကျော်ပေးဖို့ ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်တရားရုံးက မနေ့က အမိန့်ချလိုက်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမားတွေအတွက် နစ်နာကြေး လျော်ကြေးငွေရရှိဖို့ မြန်မာအလုပ်သမားသံအရာရှိရုံးက ကူညီဆောင်ရွက်ပေးခဲ့တာကို ကန်ချနပူရီခရိုင်တရားရုံးက အလုပ်သမားတွေကို လျော်ကြေးပေးဖို့ အမိန့်ချလိုက်တာဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးက ပြောပါတယ်။
အဲဒီစက်ရုံက တစ်နှစ်မှာ ရက် ၄၀ လောက် ရာသီပေါ်သစ်သီးရှားပါးချိန်မှာ အလုပ်ပိတ်လေ့ရှိပြီး ဒီနှစ်ပိတ်ရက် အပြီးမှာ မြန်မာအလုပ်သမားတွေက အလုပ်လုပ်ဖို့ ပြန်အလာမှာ အလုပ်ရှင်က အကြောင်းမဲ့ အလုပ်ဖြုတ်ခဲ့ တာကြောင့် အလုပ်သမားတွေဘက်က လျော်ကြေးတောင်းခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ ကန်ချနပူရီခရိုင် တရားရုံးမှာ သက်သေတစ်ဦးချင်းစီကို စစ်ဆေး ကြားနာပြီး လျော်ကြေးတွေကို ပေးအပ်ဖို့ တရားရုံးက အမိန့်ချခဲ့တာဖြစ်ပါတယ်။
မြန်မာအလုပ်သမား ၇၄ ယောက်အတွက် လျော်ကြေးအဖြစ် တစ်ယောက်ကို အနည်းဆုံး ဘတ် တစ်သောင်းကျော် ကနေ အများဆုံး ဘတ် ခြောက်သောင်းထိ ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
အလုပ်သမားတွေကို အကြောင်းမဲ့အလုပ်ဖြုတ်ခဲ့တဲ့ စက်ရုံပိုင်ရှင်ကိုလည်း အမည်ပျက်စာရင်းသွင်းပြီး ဥပဒေနဲ့အညီ အရေးယူပေးဖို့ တိုင်ကြားထားတယ်လို့လည်း မြန်မာအလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးက ပြောပါတယ်။
အလုပ်သမားသံအရာရှိ ရုံးအနေနဲ့ အလုပ်ဖြုတ်ခံခဲ့ရတဲ့ အလုပ်သမားတွေကို တခြားလုပ်ငန်းတွေမှာ အလုပ်ပြောင်းရွေ့ပေးခဲ့ပြီး MOU လူဟောင်းတွေအဖြစ် စာချုပ်ပြန်ချုပ်ဆိုပေးသွားဖို့နဲ့ ဝန်ဆောင်ခ အခမဲ့ မြန်မာအေဂျင်စီတွေက ဆောင်ရွက်ပေးသွားမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။