မြန်မာ့ လူ့အခွင့်အရေး အလေးပေးကြည့်ရှုဖို့ ကမ္ဘာ့ဘဏ်ကို HRW တိုက်တွန်း


2014.10.07

ကမ္ဘာ့ဘဏ်အနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ နည်းဗျူဟာသစ်တွေ ချမှတ်တဲ့နေရာမှာ လူ့အခွင့်အရေး ပြဿနာတွေကို ဦးစားပေးလုပ်ဆောင်သင့်ကြောင်း၊ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ပြဿနာအပေါ် နိုင်နိုင်နင်းနင်း ကိုင်တွယ်ဆောင်ရွက်သင့်ကြောင်း HRW လူ့အခွင့်အရေးအဖွဲ့က မနေ့က ကြေညာချက် ထုတ်ပြန်အကြံပြု တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လူ့ခွင့်အရေးဆိုင်ရာ တိုးတက်မှုတွေရှိခဲ့ပေမဲ့ လက်ရှိ တိုင်းရင်းသားလူနည်းစုတွေအပေါ် ဖိနှိပ်မှုတွေ၊ အဓမ္မမြေယာသိမ်းမှုတွေနဲ့  အကျင့်ပျက်ခြစားမှုတွေဟာ သိသာထင်ရှားတဲ့ အဓိကလူ့အခွင့် အရေးချိုးဖောက်မှုတွေ ဖြစ်နေသေးတယ်လို့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

အထူးသဖြင့် ၂ဝ၁၅ ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ  ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ အားနည်းလာနေပြီး၊ ဖြေရှင်းရမယ့် အရေးကြီးပြဿနာတွေ ကျန်ရှိနေသေးကြောင်း၊  လာမယ့်ရွေးကောက်ပွဲဟာ မြန်မာ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ရဲ့ သမိုင်းဝင်ဖြစ်ရပ်တစ်ခု ဖြစ်လာနိုင်သလို၊ လုံးဝဥဿုံပြိုပျက်သွားတာလည်း ဖြစ်လာနိုင်ကြောင်း  HRW က ပြောကြားပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံအတွင်း ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးရရှိရေး ကိစ္စတွေမှာ ကမ္ဘာ့ဘဏ်ရဲ့ ထောက်ပံ့ကူညီမှုဟာ အက္ခရာကျကြောင်း၊ မြန်မာနိုင်ငံအမှန်တကယ် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် မပြီးပြတ်သေးတဲ့ လူ့အခွင့်အရေး ပြဿနာတွေကို မြင်အောင်ကြည့်ဖို့၊ ဒီပြဿနာတွေကို ထဲထဲဝင်ဝင် ထုတ်ဖော်တင်ပြသွားဖို့ လိုအပ်ကြောင်းလည်း HRW က ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။