မြန်မာလူငယ်တွေ အနာဂတ်မဲ့တဲ့အခြေအနေဆိုးနဲ့ ကြုံနေရကြောင်း ဦးကျော်မိုးထွန်း ပြော

စစ်ကောင်စီက အတင်းအကျပ်စစ်သားစုဆောင်းနေတာကြောင့် လူငယ်တွေ ပုန်းရှောင်နေရတာ၊ ပြည်ပနိုင်ငံတွေ ထွက်ပြေးနေရတာတွေကြောင့် အနာဂတ်မဲ့တဲ့ အခြေအနေဆိုးတစ်ရပ်နဲ့ ကြုံတွေ့နေရတယ်လို့ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးကောင်စီရဲ့ “၂၀၂၄ ခုနှစ် လူငယ်ဖိုရမ်" မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောလိုက်ပါတယ်။
နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာလူငယ်တွေရဲ့ မျှော်မှန်းချက်တွေကို မမေ့လျော့ဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။ လူငယ်တွေဟာ မိမိတို့နိုင်ငံရဲ့ အနာဂတ်ဖြစ်ကြောင်းနဲ့ စစ်အာဏာရှင်များကျရှုံးရေးနဲ့ဒီမိုကရေစီပြန်လည်ထွန်းကားလာရေးအတွက် ရှေ့တန်းကနေ ပါဝင်ဆောင်ရွက်နေတဲ့ လူငယ်အားလုံးကို ကျေးဇူးတင်တယ်လို့ ထည့်သွင်းပြောခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းတာကြောင့် လူငယ်လူရွယ်တွေဟာ စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ဆင်းရဲနွမ်းပါးမှုတွေကို ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။
UNDP စာရင်းဇယားတွေအရ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်းက ကလေးငယ်ဦးရေ ထက်ဝက်ကျော် နိုင်ငံရဲ့ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်မှာ ကျရောက်နေပြီး ၁၂ ဒသမ ၉ သန်းသော ပြည်သူတွေဟာ စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ ၁၈ ဒသမ ၆ သန်းသော ပြည်သူတွေဟာလည်း လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေ အကျပ်အတည်းကြုံနေရတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
“၂၀၂၄ ခုနှစ် လူငယ်ဖိုရမ်” နဲ့ ဆက်စပ်အစည်းအဝေးတွေကို ဧပြီလ ၁၆ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပခဲ့တာဖြစ်ပါတယ်။