မြောက်ဦးမြို့ကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်း ဝင်နိုင်ရေး ဆောင်ရွက်
2017.08.22
ရခိုင်ပြည်နယ် မြောက်ဦးရှေးဟောင်းမြို့တစ်ခုလုံးကို ယူနက်စကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်း တင်သွင်းနိုင်ဖို့ လိုအပ်တာတွေကို စတင်လုပ်ဆောင်နေပြီလို့ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ပြောပါတယ်။
မြောက်ဦးမြို့ကို ရခိုင်လူမျိုးတွေရဲ့ရှေးဟောင်းခံတပ်မြို့အဖြစ်နဲ့ လာမယ့်နှစ် စက်တင်ဘာလမှာ တင်သွင်းနိုင်ဖို့ စတင်လုပ်ဆောင်နေတာလို့ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ ဥက္ကဌ ဒေါ်ခင်သန်းက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ယူနက်စကိုအဖွဲ့တာဝန်ရှိသူတွေ အပါအဝင် ပြည်တွင်းပြည်ပက သုတေသနပညာရှင်တွေ ပါဝင်တဲ့ ညှိနှိုင်းအစည်းအဝေးကို မြောက်ဦးမြို့မှာ မနေ့က ပြုလုပ်ခဲ့ကြပါတယ်။
ရှေးရခိုင်ဘုရင်တွေက မြောက်ဦးမြို့ကို ကျုံးတွေနဲ့ အဓိကထားကာကွယ်ခဲ့တာကြောင့် ရေအရင်းအမြစ်ကို လေ့လာ တဲ့ဆပ်ကော်မတီအပြင် ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားရှာဖွေရေး၊ ပထဝီအနေအထား၊ ပညာပေးရေးစတဲ့ အခြားလိုအပ်တဲ့ ဆပ်ကော်မတီတွေဖွဲ့စည်းပြီး ဆောင်ရွက်နေပြီလို့လည်း ဒေါ်ခင်သန်း ကပြောပါတယ်။
မြောက်ဦးမြို့ ရှစ်သောင်းပုထိုးတော်ကြီးမှာရှိတဲ့ အာနန္ဒစန္ဒြားမင်းကျောက်စာကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်ဖို့ကြိုးပမ်းခဲ့ရာကနေ ထပ်မံပြီး မြောက်ဦးမြို့ဟောင်း တစ်ခုလုံးကိုပါ တစ်ပြိုင်နက်တည်း တင်သွင်းနိုင်ဖို့ ကြိုးပမ်းနေတာလို့ သိရပါတယ်။
လက်ရှိမှာ မြောက်ဦးရှေးဟောင်းဒေသကို အစိုးရက အမျိုးသားရေးအမွေအနှစ်အဆင့်နဲ့ ထိန်းသိမ်းနေတာဖြစ် တယ်လို့ သိရပါတယ်။