မြောင်းမြလယ်သမားတွေ သိမ်းဆည်းလယ်မြေ အတွက် လျော်ကြေးရရှိ
2013.07.20
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ကွယ်လယ်ကျေးရွာအုပ်စုမှာ မြောင်းမြစက်မှုဇုန် စီမံကိန်းအတွက်ဆိုပြီး သိမ်းယူခဲ့တဲ့ လယ်ယာမြေ ၂၆ ဧကအတွက် ၁ ဧကကို ကျပ်သိန်း ၂ဝ နှုန်းနဲ့ ဒီကနေ့ မြောင်းမြမြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှာ လျော်ကြေးပေးခဲ့ပါတယ်။
မြောင်းမြမြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းဇော်နဲ့ ခရိုင်အဆင့် တာဝန်ရှိသူတွေက လယ်သမား ဦးလှဝင်း၊ ဦးလှစိုး၊ ဒေါ်ခင်မာဌေး၊ ဦးအုန်းမြင့်စတဲ့ လယ်သမား ၉ ဦးကို လျော်ကြေးငွေတွေ ပေးခဲ့တာဖြစ်ကြောင်း လျော်ကြေးရခဲ့တဲ့ လယ်သမား ဦးအုန်းမြင့်က RFA ကို အခုလို ပြောပါတယ်။
"ကျနော်တို့ရတာ စက်မှုဇုန်လျော်ကြေးကို ပထမ ၁၅ သိန်းနှုန်းနဲ့ လျော်ကြေးပေးတယ်ပေါ့ခင်ဗျာ၊ စက်မှုဇုန်ဥက္ကဌ ဦးကိုကိုနိုင် တို့ကနေပြီးတော့ နောက်ထပ် ၅ သိန်းစီ ထပ်တောင်းပေးတာပေါ့လေ၊ တစ်ဧကကို သိန်းနှစ်ဆယ်နှုန်းစီရတယ်ပေါ့၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီးတော့ပေးတာပါ”
အဲဒီဒေသမှာ လယ်သမား ၉ ဦးပိုင်ဆိုင်တဲ့ လယ်ယာမြေ ၂၆ ဧကကို မြောင်းမြခရိုင်ဥက္ကဌက စက်မှုဇုန်တည်ဆောက်ဖို့ အကြောင်းပြပြီး ၂၀၀၃ ခုနှစ်ကစလို့ လျော်ကြေးမပေးပဲ သိမ်းယူခဲ့တာဖြစ်တယ်လို့ လယ်သမားတွေက ပြောပါတယ်။ လယ်သမားတွေက သူတို့ပိုင်ဆိုင်တဲ့ လယ်ယာမြေတွေ အသိမ်းခံရတာနဲ့ ပတ်သတ်ပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာလအတွင်း လွှတ်တော်ကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။