လေကြောင်း တိုက်ခိုက်မှုကြောင့် မြဝတီမြို့ခံနှစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရ

RFA Burmese
2024.04.20
လေကြောင်း တိုက်ခိုက်မှုကြောင့် မြဝတီမြို့ခံနှစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရ မြဝတီမြို့ တံတားအမှတ် (၂) အနီးတိုက်ပွဲကြောင့် ထိုင်းဘက်သို့ ထွက်ပြေးရန် စောင့်ဆိုင်းနေကြသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

ထိုင်း - မြန်မာနယ်စပ် ထိုင်းဘက်ကိုကူးတဲ့ အမှတ် (၂) တံတားအနီးကို စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံ အမျိုးသမီး နှစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးတို့ဟာ ဗုံးစထိမှန်ပြီး နေရာမှာတင် သေဆုံးခဲ့သလို ဆင်နှစ်ကောင် ကာစီနိုဆိုင် ဝန်ထမ်းအမျိုးသမီး တစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိအထိ လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲနေတာကြောင့် သေဆုံးခဲ့သူတွေရဲ့ ရုပ်အလောင်းတွေကို မကောက်နိုင်သေးဘူးလို့ အမှတ် (၂) တံတားအနီးမှာ ရောက်နေတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ပေါင် ငါးရာဗုံး ကြဲချတဲ့အချိန် ထိပြီးသေကြတာ။ အဘွားကတော့ အသက် ၆၀ လောက်ရှိပြီ။ သေသွားတဲ့ မိန်းကလေးက အသက်၂၀ အရွယ် Myawaddy Palace ဟိုတယ်နားက ICE ဆီဆိုင်က ဝန်ထမ်းလေး။ ဗုံးစထိမှန် ဆုံးသွားကြတာပါ”

စစ်ကောင်စီဘက်က Y-12 ထောက်ပို့လေယာဥ်၊ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဥ်တွေနဲ့ ဒီနေ့တစ်ရက်တည်း ဆယ်ကြိမ်ကျော် ဗုံးကြဲတိုက်ခိုက်နေတာလို့ ဆိုပါတယ်။

အာရှလမ်းမပေါ် ရေပူမီးပွိုင့်ထိပ်ကနေ အမှတ် (၂) တံတားအထိ ဗုံးတောက်လျှောက်ကြဲနေပြီး အဲဒီလမ်းမပေါ်က ရွှေစည်းစိမ် KTV၊ 808 KTV၊ ဆီဆိုင်တွေနဲ့ အရပ်သား နေအိမ်တွေအကုန် မီးလောင်ပျက်စီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေ ပြောဆိုမှုနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မရှိသေးသလို ကရင်ပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

တိုက်ပွဲကြောင့် အမှတ် (၂) တံတားအနီးက မွေးမြူရေးဇုန်ရပ်ကွက်၊ စိုက်ပျိုးရေးဇုန်ရပ်ကွက်၊ ရေပူကျေးရွာနဲ့ မြေနီကုန်းရပ်ကွက်က ဒေသခံတွေနဲ့ မြဝတီမြို့ပေါ် ရပ်ကွက်တချို့က ဒေသခံ လေးထောင်နီးပါး ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။