မြ၀တီတိုက်ပွဲအပေါ် နှစ်ဖက်အကြား ထိုင်းအနေနဲ့ ကြားဝင်ညှိနှိုင်းဖို့အသင့်ရှိ

RFA Burmese
2024.04.23
မြ၀တီတိုက်ပွဲအပေါ် နှစ်ဖက်အကြား ထိုင်းအနေနဲ့ ကြားဝင်ညှိနှိုင်းဖို့အသင့်ရှိ မြဝတီမြို့ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

ကရင်ပြည်နယ်၊ ကုန်သွယ်ရေးအချက်အချာကျရာ မြ၀တီမြို့မှာ တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား ထိုင်းနိုင်ငံက ကြားဝင်စေ့စပ်ညှိနှိုင်းပေးဖို့ အသင့်ရှိနေတယ်လို့ ထိုင်းသတင်း ဘန်ကောက်ပို့စ်က ဧပြီလ ၂၂ ရက်နေ့က ဖော်ပြပါတယ်။

မြန်မာ့အရေးမှာ ထိုင်းအစိုးရရဲ့ ရပ်တည်ချက်ဟာ ငြိမ်းချမ်းရေးအတွက် ထောက်ခံအားပေးဖို့နဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး ပံ့ပိုးကူညီဖို့ဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ်ရဲ့အတွင်းရေးမှူး ဒေါက်တာ Prommin Lertsuridej က မနေ့က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းဝန်ကြီးချုပ် Srettha Thavisin အနေနဲ့ မြန်မာ့အရေးမှာ ကြားဝင်စေ့စပ်ပေးနိုင်ချေရှိမရှိ မေးမြန်းရာမှာတော့ ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍဟာ အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ ပဋိပက္ခဖြေရှင်းရာမှာ ကူညီပေးနိုင်တာအားလုံး ဆောင်ရွက်ဖို့ဖြစ်တယ်လို့ ဒေါက်တာ Prommin Lertsuridej ပြန်လည်ဖြေကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စေ့စပ်ညှိနှိုင်းဖို့အတွက် စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစု နှစ်ဖက်စလုံးက တိုက်ရိုက်ကမ်းလှမ်းတာမျိုးတော့ မရှိသေးဘူးလို့လည်း ဆိုပါတယ်။

ထိုင်း - မြန်မာနယ်စပ် အခြေအနေကို ထိုင်းဒုဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Bahiddha-Nukara က ဝန်ကြီးချုပ်ကိုယ်စား လာရောက်စစ်ဆေးကြည့်ရှုသွားဖို့ ရှိတယ်လို့လည်း ဘန်ကောက်ပို့စ်က ဖော်ပြထားပါတယ်။

ထိုင်း - မြန်မာနယ်စပ်က အခြေအနေတွေကိုသိရဖို့ မဲဆောက်မြို့ကို ဧပြီလ ၂၃ ရက် ဒီနေ့မှာ ကိုယ်တိုင်သွားရောက်ဖို့ရှိတယ်လို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin ကလည်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ပြောဆိုထားပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့က တိုက်ပွဲကြောင့် ထိုင်းဘက်ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးဒုက္ခသည် သုံးထောင်ခန့်ထဲက နှစ်ထောင်ခန့်ဟာ အခြေအနေတည်ငြိမ်လာတာကြောင့် နေရပ်ပြန်သွားကြပြီလို့ ဘန်ကောက်ပို့စ်သတင်းဌာနက ဧပြီလ ၂၂ ရက်နေ့က ဖော်ပြခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။