မြဝတီမြို့ အမှတ် (၂) တံတားမှာ တိုက်ပွဲပြင်းထန်နေ

RFA Burmese
2024.04.20
မြဝတီမြို့ အမှတ် (၂) တံတားမှာ တိုက်ပွဲပြင်းထန်နေ မြဝတီမြို့ ချစ်ကြည်ရေးတံတားအမှတ် (၂) မြန်မာဘက်ခြမ်းတွင် ကရင်ပူးပေါင်းအဖွဲ့မှ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သည့်မြင်ကွင်းအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့ညက ထိုင်းဘက်ခြမ်းက တွေ့ရစဉ်။
လွတ်လပ်သော ကရင်အမျိုးသား မီဒီယာ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အမှတ် (၂) တံတားအောက်မှာ ပုန်းခိုနေတဲ့ စစ်ကောင်စီတပ်သားတွေကို (KNLA) နဲ့ ပူပေါင်းအဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ဧပြီလ ၂၀ ရက်နေ့ ဒီနေ့မနက်အထိ တိုက်ပွဲဖြစ်နေတယ်လို့ မြ၀တီမြို့ခံတွေက ပြောပါတယ်။

အဲဒီနေရာမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေလည်း ထိုင်းနယ်စပ် သောင်ရင်းမြစ်ကမ်းတစ်လျှောက်ကို ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။

ဧပြီလ ၁၉ ရက်နေ့ ညပိုင်းကတည်းက အဲဒီနေရာကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတံတားအောက်မှာ ခလရ (၂၇၅) တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ နီးပါးရှိနေပြီး ဒီနေ့မနက် ၁၀ နာရီအထိ တိုက်ပွဲပြင်းထန်နေတယ်လို့ အမည်မဖော်လိုတဲ့ မြဝတီမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"အခုမနက် ၅ နာရီကတည်းက လက်နက်ကြီးသံတွေ ပိုကျယ်လာတာပေါ့။ ဒီမနက် ၁၀ နာရီအထိကို တိုက်ပွဲက ပြင်းထန်နေတုန်းပဲ။ အမှတ် (၂) တံတားမှာတော့ စစ်ကောင်စီတပ်သားတွေ မရှိတော့ဘူး။ အကုန် ထိုင်းနယ်စပ်ဘက် သောင်ရင်းမြစ်တစ်ကြောကို ထွက်ပြေးသွားကြပြီ"

အမှတ် (၂) တံတားအနီးက အမှတ် (၁၁) ဂိတ်၊ အမှတ် (၁၂) ဂိတ်နဲ့အမှတ် (၁၃) ဂိတ်တို့မှာလည်း နေရပ်စွန့်ခွာ ထွက်ပြေးလာကြတဲ့ ဒေသခံ ထောင်နဲ့ချီရှိနေပြီး ထိုင်းနိုင်ငံဘက်ကိုကူးဖို့ စောင့်နေကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးနဲ့ လေကြောင်းကနေ ပြန်လည်တိုက်ခိုက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အခုထိုးစစ်ဆင်တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အသေးစိတ်သိရဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက တာဝန်ရှိသူတွေကို RFA အနေနဲ့ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပြီး ဆက်သွယ်လို့ မရသေးပါဘူး။

ထိုင်း - မြန်မာနယ်စပ်အနီး တိုက်ပွဲပြင်းထန်နေတာကြောင့် ထိုင်းဘက်ခြမ်း နယ်စပ်တစ်လျောက်မှာလည်း လုံခြုံရေးအင်အား တိုးချပြီး စစ်ရေးအသင့်ပြင်ထားတာကို တွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မရှိသေးသလို စစ်ကောင်စီရဲ့ ကရင်ပြည်နယ် ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။