မြဝတီမြို့မှာလည်း ရေကြီး
2018.07.22

ကရင်ပြည်နယ် မြဝတီမြို့မှာ သောင်ရင်းမြစ် ရေကြီးရေလျှံနေတာကြောင့် မြဝတီမြို့က ဒေသခံလူဦးရေ နှစ်ထောင်ခန့်ဟာ ရေဘေးဒုက္ခနဲ့ ကြုံနေကြရပါတယ်။
မြို့ပေါ်ရပ်ကွက် ၃ ခုနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေမှာ ရေကြီးနေလို့ ကယ်ဆယ်ရေးစခန်း ၈ ခုလောက် ဖွင့်ထားရတယ်လို့ မြဝတီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောပါတယ်။
"ရေကြီးတဲ့နေရာကတော့ မိုးရဲ့အနေအထားကိုကြည့်ပြီး မိုးရွာလာတာနဲ့ ရေတက်လာပြီး မိုးတိတ်ရင် နဲနဲလေး ပြန်ကျသွားတာပေါ့၊ လူဦးရေ အိမ်ထောင်စုတော်တော်များများက ရေဘေးကယ်ဆယ်ရေးစခန်းပေါ့။ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းမှာ နေရာရွှေ့ထားပြီးတော့ လတ်တလောမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်ပေါ့"
ဇူလိုင်လ ၂၀ ရက်နေ့ ညနေပိုင်းလောက်ကတည်းက သောင်ရင်းမြစ်ရဲ့ လက်တက်ချောင်းတွေကနေ တောင်ကျရေ တွေ တလဟောစီးဆင်းနေပြီး မိုးလည်းအဆက် မပြတ်ရွာသွန်းနေတာကြောင့် အခုလို ရေကြီးနေရတာလို့ ပြောပါတယ်။
မြဝတီမြို့ရဲ့ အနိမ့်ပိုင်းမှာရှိတဲ့ ရပ်ကွက် ၂ ၊ ၄ ၊ ၅ တို့နဲ့ မဲပလဲရွာ၊ ကော့ကော်၊ ထိဝါပလောနဲ့ ဝမ့်ခ ရွာတွေမှာ ရေကြီးနေတယ်လို့ ပြောပါတယ်။
ကယ်ဆယ်ရေးစခန်းတွေမှာ ရေဘေးဒုက္ခသည်တွေအတွက် ဌာနဆိုင်ရာနဲ့ လူမှုရေးအဖွဲ့အစည်းတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ တပ်မတော်သားတွေ၊ NLD ပါတီဝင်တွေက စားသောက်နေထိုင်ရေးအတွက် ကူညီပေးနေတယ် လို့ ပြောပါတယ်။