မြဝတီမြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
2024.04.13

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မြဝတီမြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီရဲ့ တင့်ကားတွေပါဝင်တဲ့ စစ်ကြောင်းကို ဧပြီလ ၁၃ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို မြဝတီမြို့ကို မသွားနိုင်အောင် ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်နေတယ်လို့ ကျားဖြူတပ်ခွဲ စစ်ကြောင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"လက်ရှိမှာတော့ မြဝတီထိမရောက်အောင် ကာကွယ်နေတယ်၊ ၃၂ ဗျူဟာ ကိုတာဘောတို့လည်း ဆင်းလာတယ်၊ လိုအပ်တဲ့စစ်ကူတွေလည်း ပေးတယ်၊ ကျွန်တော်တို့ ကျားဖြူအနေနဲ့လည်း နိုင်သလောက် ကြိုးစားနေတယ်၊ သုံးရက်အတွင်းမှာ ပူးပေါင်းတပ်တွေ စစ်ဆင်ရေးအနေအထားမှာ ရန်သူဘက်က ၆၀၊ ၇၀ လောက်ကျတယ်လို့ သတင်းရတယ်၊ သူတို့က ကော့နွဲ့ အပေါ် မတက်နိုင်သေးဘူး"
မြဝတီမြို့ကို ဦးတည်လာတဲ့ စစ်ကောင်စီ တင့်ကားတွေနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ကျားဖြူစစ်ကြောင်းအပါအဝင် မဟာမိတ်ပူးပေါင်းတပ်တွေက ကော့ကရိတ်မြို့နယ် ချောင်းဖျား၊ မြပတိုင်၊ ကော့နွဲ့ စတဲ့နေရာတွေမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။
ဧပြီလ ၁၃ ရက်နေ့တိုက်ပွဲမှာပဲ စစ်ကောင်စီဘက်က အယောက် ၃၀ လောက်သေဆုံးခဲ့ပြီး ဖောကားတစ်စီးပျက်စီးခဲ့သလို အများအပြားလည်း ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေကို စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာမရှိသေးသလို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီဘက်က Y-12 လေယာဉ်နဲ့ လေကြောင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ကျေးရွာတွေထဲကျရောက်ပြီး အရပ်သားတချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ကျားဖြူစစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြဝတီမြို့ကို ပြန်လည်ရရှိဖို့ စစ်ကောင်စီဘက်က ထိုးစစ်ဆင်တိုက်ခိုက်ရာမှာ အရှေ့တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ ဘားအံအခြေစိုက် တပ်မ (၂၂) နဲ့ ကျိုက်ထိုအခြေစိုက် တပ်မ (၄၄) စတဲ့ တပ်မ နှစ်ခု ပါဝင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ အသေးစိတ်ကို RFA က စုံစမ်းနေဆဲဖြစ်ပါတယ်။
မြဝတီမြို့တိုက်ပွဲနောက်ဆက်တွဲအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
မြဝတီမြို့က စစ်ကောင်စီရဲ့ သင်္ဃန်းညီနောင်အခြေစိုက်တပ်ရင်းတွေကို ဧပြီလ ၅ ရက်နေ့မှာ KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းခိုက်ခဲ့သလို မြို့စောင်တပ်ဖြစ်တဲ့ ခလရ (၂၇၅) ကိုလည်း ဧပြီလ ၁၁ ရက်နေ့မှာ သိမ်းယူခဲ့ပြီး မြို့ကို ထိန်းချုပ်ထားတာဖြစ်ပါတယ်။