ထိုင်းဘက်ထွက်ပြေးရတဲ့ ဒုက္ခသည် သုံးထောင်ကျော် အရေးပေါ်အကူအညီ လိုအပ်နေ

RFA Burmese
2024.04.21
ထိုင်းဘက်ထွက်ပြေးရတဲ့ ဒုက္ခသည် သုံးထောင်ကျော် အရေးပေါ်အကူအညီ လိုအပ်နေ မြဝတီမြို့မှ စစ်ဘေးဒုက္ခသည်များအား ထိုင်းနယ်စပ်တွင် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့က တွေ့ရစဥ်။
ကိုသက်ဆွေဝင်း

ကရင်ပြည်နယ်၊ မြဝတီမြို့က တိုက်ပွဲကြောင့် ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးဒုက္ခသည်တွေထဲက သုံးထောင်ကျော်ဟာ ထိုင်နိုင်ငံဘက် နယ်စပ်တစ်လျှောက်မှာရှိတဲ့ နွားခြံတွေမှာခိုလှုံနေရပြီး စားဝတ်နေရေးအပြင် ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ မဲဆောက်ရောက် မြန်မာတွေက ပြောပါတယ်။

ဧပြီလ ၂၀ ရက်နေ့ မနက် ၇ နာရီကနေည ၈ နာရီအထိ တိုက်ပွဲဧရိယာနဲ့မလွတ်တဲ့ နေရာတွေက ဒေသခံတွေဟာ ဂိတ်အမှတ် (၁၀)၊ (၁၁)၊ (၁၂) နဲ့ (၁၃) တို့ကနေ မဲဆောက်ဘက်အခြမ်းကို ထွက်ပြေးခဲ့ကြတာလို့ ဆိုပါတယ်။

လက်ရှိအထိ မဲဆောက်ဘက်အခြမ်းကို စစ်ဘေးဒုက္ခသည် သုံးထောင်ကျော် ရောက်ရှိနေပြီး စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ မဲဆောက်ရောက် စစ်ဘေးဒုက္ခသည်တွေကို ကူညီနေသူတစ်ဦးက RFA ကို ပြောပါတယ်။

"သူတို့ကို ထိုင်းနယ်စပ်တစ်လျှောက်က နွားခြံတွေမှာ ထိုင်းစစ်တပ်က ထားပေးထားပါတယ်။ ရေသန့်တို့၊ ရိက္ခာခြောက်တို့ လိုအပ်တယ်။ သူတို့ရှိတဲ့နေရာက ချက်စားလို့မရတာကြောင့် ချက်ပြီးသားတွေ ပို့ပေးနေတယ်။ ထမင်းထုပ်တွေ ပို့ပေးနေပါတယ်"

ထွက်ပြေးလာသူတွေထဲမှာ ကျန်းမာရေးမကောင်းသူတွေနဲ့ မွေးကင်းစကလေးငယ်တွေပါ ပါဝင်နေတာကြောင့် ဆေးဝါးတချို့လည်း အကူအညီလိုအပ်နေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ အမှတ် (၂) တံတားအနီးက မွေးမြူရေးဇုန်ရပ်ကွက်၊ စိုက်ပျိုးရေးဇုန်ရပ်ကွက်၊ ရေပူကျေးရွာနဲ့ မြေနီကုန်းရပ်ကွက်က ဒေသခံတွေနဲ့ မြဝတီမြို့ပေါ်ရပ်ကွက်တချို့က ဒေသခံတွေအပြင် ကော့ကရိတ်မြို့နယ်ဘက်က ဒေသခံတွေပါ ထွက်ပြေးနေရတာပါ။

စစ်ကောင်စီကလည်း ဧပြီလ ၂၁ ရက်ဒီနေ့မနက်ပိုင်းကစပြီး နိုင်ငံကူးလက်မှတ်စာရွက် ကုန်သွားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နယ်စပ်ဖြတ်ကူးတဲ့ဂိတ်တွေကို ယာယီပိတ်ထားတာကြောင့် မြဝတီဘက်ခြမ်းမှာ ဒေသခံ သုံးထောင်နီးပါး စောင့်ဆိုင်းနေတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပသက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ မထုတ်ပြန်သေးသလို ကရင်ပြည်နယ် ပြောခွင့်ရသူ စီးပွားဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မြဝတီမြို့ကို မနေ့မနက်ပိုင်းကစ‌ပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် ဧပြီလ ၂၁ ရက်ဒီနေ့မနက် ၉ နာရီနောက်ပိုင်းမှာတော့ တိုက်ခိုက်တာမရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။