မြင်းမူမြို့နယ်မှာ သတ်ဖြတ်ခံထားရသူ ရှစ်ဦးအလောင်းတွေ့ရှိ
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဘဒတ္ထိုင်းရွာမှာ မီးရှို့သတ်ဖြတ်ခံထားရတဲ့ ရုပ်လောင်း ငါးလောင်း အပါအဝင် သေဆုံးသူ ရှစ်ဦးရဲ့ အလောင်းတွေကို ဖေဖော်ဝါရီလ ၃ ရက် ဒီနေ့မှာ ဒေသခံတွေက တွေ့ရှိခဲ့ကြပါတယ်။
ရွာမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေ ပြန်ထွက်သွားပြီးနောက် ရွာထဲဝင်ကြည့်ရာမှာ သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ကြတာလို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“စစ်သားတွေ မရှိတော့ဘူးဆိုလို့ တချို့ရွာပြန်ပြီး သွားကြည့်ကြတာ။ အလောင်း သုံးလောင်းက လမ်းပေါ်မှာ တွေ့ရတယ်။ ငါးလောင်းက ရွာဘေးမှာ မီးရှို့သတ်ခံ ထားရတယ်။ ဘယ်သူတွေလဲဆိုတာတော့ မသိရသေး။ စုံစမ်းနေဆဲပဲ။ စစ်သားတွေက ရုတ်တရက် ရောက်လာတော့ ထွက်ပြေးချိန် မရတဲ့သူတွေများတယ်"
လမ်းပေါ်မှာ တွေ့ရတဲ့ အလောင်း ငါးလောင်းထဲမှာတော့ အမျိုးသမီး နှစ်ဦးလည်း ပါတယ်လို့ ဆိုပါတယ်။
ဘဒတ္ထိုင်းရွာမှာ ဇန်နဝါရီလ ၃၁ ရက်နေ့က ဒေသခံကာကွယ်ရေးတပ်ဖွဲ့တစ်ခု သင်တန်း ဆင်းပွဲ လုပ်နေချိန် စစ်တပ်က ရဟတ်ယာဉ်သုံး တိုက်ခိုက်ခဲ့သလို လူအင်အားချပြီး ရွာမှာ တပ်စွဲနေခဲ့ကြတာလို့လည်း အဲဒီဒေသခံက ပြောပါတယ်။
ကျေးရွာသားတွေကတော့ အဲဒီနေ့ကပင် ထွက်ပြေးတိမ်းရှောင် နေခဲ့ကြရတာလို့လည်း ဆိုပါတယ်။ ထွက်မပြေးနိုင်ခဲ့တဲ့ ဒေသခံ ၇၀ နီးပါးကို အဲဒီစစ်ကြောင်းက ဖမ်းဆီးခဲ့ပြီး ဒီနေ့မှာတော့ ပြန်လွှတ်ပေးခဲ့တယ်လို့လည်း ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။
ဘဒတ္ထိုင်းရွာဟာ အိမ်ခြေ ၇၀၀ ကျော်ရှိတဲ့ ရွာကြီးတစ်ရွာဖြစ်ပြီး အများစုက စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်ကြသူတွေ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။