မြစ်ဆုံစီမံကိန်း ပြောင်းလဲနိုင်ဟု တရုတ် သတင်းစာရေးသား
2019.05.02
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာအစိုးရအနေနဲ့ မြစ်ဆုံစီမံကိန်းကို ဖျက်သိမ်းလိုက်ရင် တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာနဲ့ အစဉ်အလာကို ထိခိုက်မှာစိုးရိမ်ပေမယ့်လည်း ပြည်တွင်း ဖိအားပေးမှုတွေ၊ ကန့်ကွက်မှုတွေအရ ဒီ စီမံကိန်းကို အပြီးအပိုင် မဖျက်သိမ်းရင်တောင်မှ ပြောင်းလဲရမယ့် အနေအထားရှိနေတယ်လို့ ဟောင်ကောင်မှာ ထုတ်ဝေတဲ့ South China Morning Post သတင်းစာက ဗုဒ္ဓဟူးနေ့ မနေ့က ဖော်ပြလိုက်ပါတယ်။
Zhu Xianghui ကျူ ရှန်ဂျုးအီ ဆိုတဲ့ တရုတ်တက္ကသိုလ် ပါမောက္ခတစ်ဦးက မြန်မာနဲ့ တရုတ်အစိုးရတွေအနေနဲ့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး တခြားရွေးစရာ နည်းလမ်းမရှိပါဘူး။ အရွယ်အစားကို လျှော့ချတဲ့ပုံစံမျိုးနဲ့ ဆောင်ရွက်ဖို့ပဲ ရှိပါတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးမှာ အခုလို ရေးသားထားတာပါ။ အဲဒီဆောင်းပါးမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး သိပ်မကြာခင်မှာ တိတိကျကျ အဖြေထွက်လာမှာဖြစ်ကြောင်း မြန်မာခေါင်းဆောင်တွေက ဒီစီမံကိန်းကို အပြောင်းအလဲတွေ ပြုလုပ်လိုတဲ့ လက္ခဏာပြခဲ့ပြီး ဖြစ်ကြောင်း၊ မြန်မာဝန်ကြီး ဦးသောင်းထွန်းက မြန်ဆုံရေကာတာစီမံကိန်းအစား တခြားနေရာတွေမှာ အရွယ်အစားမတူတဲ့ ရေကာတာတွေပြောင်းလဲ ဆောင်ရွက်ဖို့ မြန်မာနဲ့ တရုတ်အာဏာပိုင်တွေ ဆွေးနွေးနေကြောင်း ဇန်နဝါရီလက ပြောဆိုခဲ့သလို NLD ပြောခွင့်ရ ဦးမျိုးညွန့်ကလည်း အသေးစား ရေကာတာတွေ တည်ဆောက်ရင် ပတ်ဝန်းကျင် ထိခိုက်မှု လျှော့နည်းမယ်လို့ ပြောဆိုခဲ့ကြောင်း စသဖြင့် ဖော်ပြထားပြီး အဲဒီလို ပြောင်းလဲမယ့် ကိစ္စဟာ အများကြီးဖြစ်နိုင်ကြောင်းလည်း ရေးသားထားပါတယ်။
ဒါ့အပြင် တရုတ်နဲ့ မြန်မာနိုင်ငံ အကြားမှာတခြား အရေးကြီးတဲ့ ကျောက်ဖြူရေနက်စီမံကိန်းနဲ့ တရုတ်-မြန်မာစီးပွားရေး စြင်္ကံန်စီမံကိန်းလို ၂ နိုင်ငံပူးပေါင်းရမယ့် ဧရာမစီမံကိန်းတွေ ရှိနေတဲ့အတွက် ဒီမြစ်ဆုံစီမံကိန်းကိစ္စကို ၂ နိုင်ငံလုံးက အဆင်ပြေပြေ ဖြေရှင်းကျော်လွှားလိုတဲ့ ဆန္ဒရှိကြတယ်လို့လည်း တရုတ်ပါမောက္ခက ပြောပါတယ်။ South China Morning Post ဟာ ကမ္ဘာကျော် အလီဘာဘာ တရုတ်စီးပွားရေးအုပ်စု (Alibaba Group) က ပိုင်ဆိုင်တဲ့ သတင်းစာဖြစ်ပါတယ်။