မြစ်ကြီးနားအကျဉ်းထောင်ဝန်ထမ်း ၁၃ ဦးကို ထောင်ဒဏ်ချမှတ်

RFA Burmese
2024.05.10
မြစ်ကြီးနားအကျဉ်းထောင်ဝန်ထမ်း ၁၃ ဦးကို ထောင်ဒဏ်ချမှတ် မြစ်ကြီးနားအကျဉ်းထောင်အတွင်း ဆန္ဒပြမှု၌ ပစ်ခတ်နှိမ်နင်းမှုကြောင့် ဒဏ်ရာရရှိပြီး ဆေးရုံတွင် သေဆုံးခဲ့သည့် ကိုယိန်းဘောမ်ကို ၂၀၂၄ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က သုသာန်သို့ ပို့ဆောင်စဉ်။
Citizen Journalist

ကချင်ပြည်နယ်၊ မြစ်ကြီးနားအကျဉ်းထောင်မှာ ဧပြီလ ၁၈ ရက်နေ့က ထောင်တွင်းဆန္ဒပြမှုဖြစ်ပွားပြီးနောက် ထောင်ဝန်ထမ်း ၁၃ ဦးကို ထောင်ဒဏ်အသီးသီးချမှတ်ပြီး ထောင်ပိုင်ကြီးနဲ့ ထောင်ပိုင်လေးကို စစ်ကောင်စီက ဆက်လက်စစ်ဆေးနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့က မြစ်ကြီးနားမြို့နယ် တရားရုံးကနေ ထောင်ဝန်ထမ်း ဆယ်ဦးကို တားမြစ်ပိတ်ပင်ထားတဲ့ ပစ္စည်းတွေကို ထောင်ထဲထုတ်သွင်းမှု အကျဉ်းထောင်အက်ဥပဒေပုဒ်မ - ၄၂၊ တံစိုးလက်ဆောင်ရယူမှု ရာဇသတ်ကြီးပုဒ်မ - ၁၆၁ တို့နဲ့ ထောင်သုံးနှစ်ခွဲစီနဲ့ ကျန်ထောင်ဝန်ထမ်းသုံးဦးကိုတော့ အကျဉ်းထောင်အက် ဥပဒေပုဒ်မ - ၄၂ နဲ့ ထောင်ခြောက်လစီ ချမှတ်ခဲ့တာလို့ သူကပြောပါတယ်။

“အကျဉ်းထောင်လက်စွဲ - ၄၂ ရယ်၊ နောက် ရာဇသတ်ကြီးပုဒ်မ - ၁၆၁ အရ ဆယ်ယောက်ကို သုံးနှစ်နဲ့ ခြောက်လ၊ ကျန်သုံးဦးက အကျဉ်းထောင်လက်စွဲ - ၄၂ နဲ့ ခြောက်လစီ အဲလိုကျသွားပြီ။ ထောင်ပိုင်ကြီးနဲ့ ထောင်ပိုင်လေးတို့ကတော့ ၁၆ ရက်နေ့ ရုံးချိန်းထားတယ်“

ထောင်ပိုင်ကြီး (လက်ထောက်ညွှန်ကြားရေးမှူး) ဦးကျော်ညွန့်စိန်နဲ့ သုံးပွင့်အဆင့်ရှိ ထောင်ပိုင်လေး (ဦးစီးအရာရှိ) ဦးကျော်မင်းဦးတို့ကိုတော့ သက်သေခံပစ္စည်း ဖျောက်ဖျက်မှုနဲ့ အမှုဖွင့်စစ်ဆေးနေတာလို့ ပြောပါတယ်။

အခုစစ်ဆေးအရေးယူနေတာတွေဟာ အကျဉ်းသားတွေကို ပစ်သတ်တဲ့အမှုနဲ့ မသက်ဆိုင်ဘဲ ထောင်ဝန်ထမ်းတွေက လာဘ်ငွေယူပြီးတော့ အကျဉ်းသားတွေအတွက် တားမြစ်ပစ္စည်းတွေကို ထောင်ထဲကိုသွင်းပေးတာနဲ့ ဆက်စပ်ပြီး အရေးယူတာလို့ ဆိုပါတယ်။

ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်နဲ့ မြစ်ကြီးနားအကျဥ်းထောင်ကနေ အကျဥ်းသား ၄၂ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။

အဲဒီ လွတ်ငြိမ်းသက်သာခွင့်အမိန့်ဟာ မျှတမှုမရှိဘူးဆိုပြီး ဧပြီလ ၁၈ ရက်နေ့က အကျဉ်းသားတွေ ဆန္ဒပြကြစဉ် အကျဉ်းထောင်အာဏာပိုင်တွေနဲ့ စစ်ကောင်စီတပ်က ပစ်ခတ်နှိမ်နင်းရာမှာ အကျဉ်းသားငါးဦးသေဆုံးပြီး နောက်ထပ် ခုနစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

အကျဉ်းထောင်ဝန်ထမ်းတွေကို အရေးယူတဲ့ကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် အကျဉ်းဦးစီးဌာနဦးစီးမှူးရုံးနဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။