နမ့်ဆန်မြို့ပေါ်က စစ်ဘေးဒုက္ခသည် ၆၀၀ ကျော် နေရပ်မပြန်နိုင်သေး

RFA Burmese
2022.12.18
နမ့်ဆန်မြို့ပေါ်က စစ်ဘေးဒုက္ခသည် ၆၀၀ ကျော် နေရပ်မပြန်နိုင်သေး ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်က တိုက်ပွဲကြောင့် ဇယန်းကြီး ကျေးရွာဘုန်းကြီးကျောင်းသို့ ရောက်ရှိလာသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ်။
TNLA သတင်းပြန်ကြားရေးဌာန

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ် ကုန်းသာရွာတိုက်ပွဲကြောင့် နမ့်ဆန်မြို့ပေါ် ထွက်ပြေးခဲ့ရပြီး ဇယန်းကြီးဘုန်းကြီးကျောင်းမှာ ခိုလှုံနေရတဲ့ စစ်ဘေးဒုက္ခသည် ၆၅၇ ဦးဟာ လုံခြုံရေးအခြေအနေတွေကြောင့် ဒီနေ့အထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ နမ့်ဆန်ဒေသခံတွေက RFA ကို ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ တစ်ပတ်ကြာ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ဟူးမန်းနဲ့ ကုန်းသာရွာက ဒေသခံတွေဟာ နန့်ဆန်မြို့ပေါ်ကို ထွက်ပြေးခဲ့ကြရတာပါ။

ကုန်းသာရွာဟာ ရွာလုံးကျွတ်နီးပါး ပျက်စီးခဲ့တာကြောင့် ပြန်လည်ထူထောင်ရေးလုပ်ဖို့ လိုနေပြီး ဟူးမန်းရွာ ကတော့ လုံခြုံရေးအခြေအနေနဲ့ သွားလာရေးအခက်အခဲကြောင့် နေရပ်မပြန်နိုင်ကြသေးတာလို့ ဇယန်းကြီး ဘုန်းကြီးကျောင်းမှာ နေထိုင်နေရတဲ့ ဟူးမန်းရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီကလူကြီး (အုပ်ချုပ်ရေးအဖွဲ့အစည်း) တွေကလည်း ပြန်မလွှတ်သေးဘူးခင်ဗျ။ ဟူးမန်းနဲ့ ကုန်းသာရွာတွေက လူတွေတော့ မပြန်ရသေးဘူး။ ကုန်းသာရွာက တစ်ရွာလုံး နီးပါး ပျက်စီးသွားတာဆိုတော့ ပြန်လည်ထူထောင်ရေး လုပ်ပြီးမှ ပြန်လို့ရမှာ။ အဲဒီတော့ ကုန်းသာရွာကဒေသခံတွေ နေရပ်ပြန်ရင်တောင် ဟူးမန်းရွာဘက်မှာပဲ ခဏနေရမှာ။ လူကြီးတွေ စီစဉ်ထားတာကတော့ ဟူးမန်းကျေးရွာမှာ တစ်လ၊ နှစ်လလောက် နေကြဖို့ တော့ စီစဉ်ထားတယ်”

ဒီဇင်ဘာလ ၁၅ ရက်နေ့ကတော့ မန်လုံးကျေးရွာအုပ်စုထဲက ဒေသခံ ၃၀၀ ကျော် နေရပ် ပြန်သွားပြီလို့ သူက ဆက်ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် ကုန်းသာရွာမှာ နေအိမ် ၅၀ နီးပါး ပျက်စီးခဲ့ရပြီး ဟူးမန်းရွာမှာလည်း နေအိမ်တချို့ ပျက်စီး ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ လာရောက်တိုက်ခိုက်ခဲ့ ချိန် ဟူးမန်းရွာသား နှစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ တယ်လို့ ဆိုပါတယ်။

တအာင်းပြည်နယ်ထဲကို သတင်းအမှားအပေါ်အခြေခံပြီး စီးနင်းဝင်ရောက်လာတဲ့ အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) တပ်ဖွဲ့နဲ့ နှစ်ဖက်အပြင်းအထန် တိုက်ပွဲ ဖြစ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်က သေဆုံး၊ အရှင်ဖမ်းမိတာတွေရှိသလို စစ်လက်နက်ပစ္စည်းတွေကိုပါ သိမ်းဆည်းနိုင်ခဲ့တယ်လို့ TNLA သတင်းပြန်ကြားရေးဌာနက ဒီဇင်ဘာ ၁၈ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။