ကုမ္ပဏီလုပ်ကွက်တွေထဲ ကနေ ရေမဆေးသမားတွေ ဖယ်ရှားပေးဖို့ ညွှန်ကြား
2017.01.03
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသမှာ ကုမ္ပဏီလုပ်ကွက်တွေအတွင်း ရေမဆေးကျောက်ရှာဖွေ သူတွေ ကျောက်ဝင်ရောက်ရှာဖွေနေတာတွေကို မနက်ဖြန်နောက်ဆုံးထား ဖယ်ရှားပေးဖို့ ပြည်ထဲရေးဝန်ကြီး ဌာနက အုပ်ချုပ်ရေးမှူးရုံးတွေကတဆင့် ညွှန်ကြားလိုက်ပါတယ်။
ညွှန်ကြားချက်ကို မလိုက်နာရင် ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ့်အကြောင်းလည်း အသိပေး ထားတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းစိန် က ပြောပါတယ်။
"၄ ရက်နေ့နောက်ဆုံးထား မဖယ်ဘူးဆိုရင်တော့ သူတို့က တရားဥပဒေအရ ဆောင်ရွက်သွားမယ် ဆိုတော့ ဥပဒေပြဌာန်းပြီးသားတော့ရှိတယ်လေဗျာ။ ကျောက်မျက်ဥပဒေ ပြဌာန်းထားတာ ရှိတာပေါ့။ အဲဒီအတိုင်း လုပ်မယ်ဆိုရင်တော့ နစ်နာသွားမှာစိုးလို့ ကျနော်တို့က ဗျူဟာမှူးရယ်၊ ကျနော်တို့ရယ် ၊ ကျောက်မျက်တာဝန်ခံတွေရယ် သွားရောက်ပြီးမှ ရှင်းပြပေးမို့ပါ။"
ရေမဆေးရှာဖွေသူတွေကို ကုမ္ပဏီလုပ်ကွက်တွေ ပြင်ပမှာရှာဖွေဖို့ ခွင့်ပြုပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့က နန်စီပွန်ဒေသအတွင်းက ကျောက်တူးဖော်ရေးလုပ်ကွက်တချို့ကို သွားရောက်လေ့လာခဲ့ပါတယ်။
နန်စီပွန်ဒေသအတွင်းက ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီလုပ်ငန်းရှင်တွေက ရေမဆေးကျောက် ရှာဖွေသူတွေကြောင့် လုပ်ငန်းနစ်နာမှုတွေ ရှိနေတာကို ပြည်ထောင်စုအစိုးရထံ တင်ပြထားတာ ဖြစ်ပါတယ်။
ပြည်ထောင်စုဝန်ကြီးရဲ့ ခရီးစဉ်မှာ လုပ်ငန်းရှင်တချို့နဲ့ တွေ့ဆုံပြီး လုပ်ငန်းရှင်တွေရဲ့ အခက်အခဲတွေကို ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီး အဆင်ပြေအောင် ဆောင်ရွက်ဖို့ စီစဉ်ထားကြောင်းနဲ့ ရေမဆေးကျောက်ရှာဖွေသူတွေကို ထိခိုက်မှုမရှိဘဲ ပြေလည်အောင်ညှိနှိုင်းကြဖိ့ုလည်း မှာကြားခဲ့တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းစိန် က ပြောပါတယ်။
ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသမှာ အစုအဖွဲ့လိုက်ကုမ္ပဏီ ၅ ခုလောက်က ကျောက်တူးဖော်ရေးလုပ်ငန်းကို လုပ်ကိုင်နေပြီး ဒေသခံရေမဆေးရှာဖွေသူ ၂၀၀၀ ကျော်နဲ့ ရပ်ဝေးကနေ လာရောက်ရှာဖွေကြသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။