ရွေးကောက်ပွဲမှာ ချိုးဖေါက်မှုများရှိပုံ အမျိုးသားလူငယ်ကွန်ဂရက် ထုတ်ပြန်
2015.12.18

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသားလူငယ်ကွန်ဂရက်က စောင့်ကြည့်လေ့လာခဲ့တဲ့ မဲရုံတွေထဲက တချို့မဲရုံအနီးတဝိုက်မှာ မဲဆွယ်စည်းရုံးတဲ့ အသုံးအဆောင်ပစ္စည်းတွေ ရှိနေသလို မဲရုံအတွင်း ဝင်ရောက်ခွင့်မရှိတဲ့ ရပ်ကျေးအကြီးအကဲတွေ ဝင်ထွက်သွားလာနေတဲ့အတွက် မဲဆန္ဒရှင်တွေရဲ့ လွတ်လပ်စွာ မဲပေးခွင့်အပေါ် သက်ရောက်မှုရှိကြောင်း အမျိုးသားလူငယ်ကွန်ဂရက်က ဒီနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။
အမျိုးသားလူငယ်ကွန်ဂရက်က ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ သူတို့အဖွဲ့ လေ့လာတေ့ွရှိခဲ့တာတွေနဲ့ပတ်သက်ပြီး ရန်ကုန်မြို့ နယူးဧရာဟိုတယ်မှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အခမ်းအနားမှာ အမျိုးသားလူငယ်ကွန်ဂရက် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးစီမံကိန်း ဒါရိုက်တာ ကိုမိုဃ်းသွေး က သူတို့တေ့ွရှိချက်ကို အခုလိုပြောပါတယ်။
"NYC က စောင့်ကြည့်လေ့လာခဲ့တဲ့ မဲရုံတွေရဲ့ ၃၄ ရာခိုင်နှုန်းမှာ မဲရုံအနီး ကိုက် ၅ဝဝ အတွင်းမှာ မဲဆွယ်စည်းရုံးရေးပစ္စည်းတွေ အသုံးအဆောင်တွေ ရှိနေတာကို ကျနော်တို့တွေ့ရတယ်၊ တချို့တီရှပ်တွေ ကားတို့ ဆိုင်ကယ်တို့မှာ စတေကာတွေ အဲ့ဒါမျိုးတွေက ကိုက် ၅ဝဝ အတွင်းမှာ ကျနော်တို့တွေ့ရှိပါတယ်၊ နောက်တစ်ခုက မဲရုံတွေထဲကို ရွေးကောက်ပွဲကော်မရှင်ကလည်း မဟုတ်ဘူး၊ မဲရုံဝန်ထမ်းတွေလည်း မဟုတ်ဘူး၊ မဲပေးသူလည် မဟုတ်ဘူး၊ ပါတီကိုယ်စားလှယ်လည်း မဟုတ်ဘဲနဲ့ တခြားဘာမှတာဝန်မရှိတဲ့သူတွေက မဲရုံထဲမှာဝင်ပြီးတော့ သွားလာနေတာတွေ အဲ့ဒါတွေကို ကျနော်တို့ စောင့်ကြည့်တဲ့ မဲရုံတွေရဲ့ ၁ဝ ရာခိုင်နှုန်းအထိတွေ့ရတယ်၊ ရပ်ရွာထဲမှာ သြဇာရှိတဲ့သူတွေက သူတို့တာဝန်တစ်ခု တိတိကျကျမရှိဘဲနဲ့ မဲရုံထဲမှာနေခြင်းအားဖြင့် မဲပေးတဲ့သူတွေအပေါ်ကို တစ်စုံတစ်ရာသက်ရောက်နိုင်တယ်"
အမျိုးသားလူငယ်ကွန်ဂရက်ဟာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးက လူငယ် ၁၁၀၀ ကျော်နဲ့ မဲရုံပေါင်း ၅၄၀ ကျော်ကို လေ့လာစောင့်ကြည်ခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ အစီရင်ခံစာမှာ မဲရုံမှူး နဲ့ မဲရုံဝန်ထမ်းတွေဟာ ပါတီတစ်ခုခုအတွက် ဘက်လိုက်ဆောင်ရွက်တာမရှိခဲ့ကြောင်း ပါရှိပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ၆,ဝဝဝကျော်ထဲမှာ လူငယ်ကိုယ်စားလှယ်လောင်း ၇၀၀ ကျော်သာ ပါဝင်ခဲ့တဲ့အတွက် ရာခိုင်နှုန်းအရ နည်းပါးနေကြောင်းလည်း ပါရှိပါတယ်။
လာမယ့် ရွေးကောက်ပွဲတွေမှာ လူငယ်ကိုယ်စားလှယ်တွေကို ပိုပြီး နေရာပေးဖို့နဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ပါဝင်ခွင့်ရအောင် ထည့်သွင်းပေးဖို့ နိုင်ငံရေးပါတီတွေကို အကြံပြုထားပါတယ်။