နောင်ချိုမြို့ ဗုံးကြဲတိုက်ခိုက်ခံရမှု ကလေးနှစ်ဦးအပါအဝင် သုံးဦး သေဆုံး

RFA Burmese
2024.10.19
နောင်ချိုမြို့ ဗုံးကြဲတိုက်ခိုက်ခံရမှု ကလေးနှစ်ဦးအပါအဝင် သုံးဦး သေဆုံး နောင်ချိုမြို့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရသဖြင့် ပျက်စီးသွားသည့် နေအိမ်အဆောက်အအုံတချို့ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်။
Telegram/ PSLF/TNLA News

တအာင်းတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့၊ တောင်ရပ်ကွက်ကို အောက်တိုဘာလ ၁၉ ရက် ဒီနေ့မနက်အစောပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ ကြောင့် ကလေးနှစ်ဦးအပါအဝင် သုံးဦး သေဆုံးသွားတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲချခဲ့တာဖြစ်ပြီး နောင်ချိုမြို့၊ တောင်ရပ်ကွက်မှာနေထိုင်တဲ့ ဦးကျော် ဆိုသူရဲ့နေအိမ်ထဲ ကျရောက်ပေါက်ကွဲတာကြောင့် ဦးကျော်နဲ့ သူ့ရဲ့ သမီးဖြစ်သူ မကျော်စုဝေနဲ့ မခင်နဒီကျော်တို့ သေဆုံးသွားတာပါ။

ဒီတိုက်ခိုက်မှုအတွင်း နောက်ထပ်အရပ်သား သုံးဦးလည်း ထိခိုက်ဒဏ်ရာပြင်းထန်ပြီး နေအိမ် ၁၇ လုံးပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ဒါဟာ နောင်ချိုမြို့နဲ့ မိုင်နှစ်ဆယ်အကွာ တောင်ခမ်းရွာက စစ်ကောင်စီရဲ့ အမြောက်တပ်စခန်းတွေကို TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်မှုတွေလုပ်ပြီးနောက် အခုလို ဗုံးကြဲတိုက်ခိုက်တာလည်းဖြစ်ပါတယ်။

စစ်ကောင်စီဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက မူဆယ်မြို့ကလွဲလို့ နယ်မြေအားလုံး လက်လွှတ်ဆုံးရှုံးပြီးနောက် စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဒေသခံပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို တိုက်ခိုက်နေတယ်လို့ TNLA က ပြောပါတယ်။

အောက်တိုဘာလ ၁၇ ရက် သီတင်းကျွတ်လပြည့်နေကလည်း နောင်ချိုမြို့မှာ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အရပ်သား လေးဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။

ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

နောင်ချိုမြို့ကို ဇူလိုင်လ ၁၀ ရက်နေ့ကစလို့ TNLA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေးနဲ့၊ ဓနု PDF ပူးပေါင်းတပ်ဖွဲ့တွေက အလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။