နေပြည်တော်မှာ လူ့အခွင့်ရေးနေ့ အမှိုက်ကောက်ခွင့် ပိတ်ပင်ခံရ
2015.12.10

ဒီနေ့ ကျရောက်တဲ့ ၆၇ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ဒေသခံလူငယ် ၅ဝ လောက်က နေပြည်တော် ပျဉ်းမနားမြို့က ကုတင် ၂ဝဝ ဆေးရုံမှာ အမှိုက်ကောက်ပြီး သန့်ရှင်းရေး လုပ်တာကို နေပြည်တော်ခရိုင်အုပ်ချုပ်ရေးမှူးက ခွင့်မပြုကြောင်း တားမြစ်ခဲ့ပါတယ်။
သန့်ရှင်းရေးလုပ်ဖို့အတွက် ပျဉ်းမနားမြို့နယ် အုပ်ချုပ်ရေးမှူးဆီ အကြောင်းကြားပြီး ခွင့်ပြုချက်ရတဲ့အတွက် ဒီကနေ့ မနက်ပိုင်း ဆေးရုံမှာသန့်ရှင်းရေးလုပ်နေတဲ့အချိန်မှာ ခရိုင်က ခွင့်မပြုဘူးဆိုပြီး ခေါ်ပြောတာလို့ အဖွဲ့ခေါင်းဆောင် မဇင်မာကျော်က ပြောပါတယ်။
လူ့အခွင့်အရေးအဖွဲ့ Equality Myanmar ကသင်ကြားပေးတဲ့ အခြေခံလူ့အခွင့်အရေးသင်တန်း တက်ရောက်ထား တဲ့ ပျဉ်းမနားမြို့ခံ လူငယ် ၅ဝ လောက်ဟာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် ပထမဆုံးအကြိမ် လှုပ်ရှားမှုပြု လုပ်တာဖြစ်ပါတယ်။
အဲ့ဒီလူငယ်တွေဟာ မူလတန်းကျောင်းတွေမှာ အမှိုက်ကောက်တာတွေ၊ လူ့အခွင့်အရေးဆိုင်ရာ ပိုစတာကပ် တာတွေ လက်ကမ်းစာစောင်တွေ ဝေငှဖို့ အရင်က စီစဉ်ထားပေမယ့် တားမြစ်ခံရတဲ့အတွက် ပျဉ်းမနားဆေးရုံမှာပဲ သန့်ရှင်းရေးလုပ်ခဲ့တာဖြစ်ပါတယ်။
လူ့အခွင့်အရေး အထိမ်းအမှတ်အခမ်းအနားတွေကို ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ လားရှိုး၊ ပုသိမ်၊ ဘားအံ၊ မကွေး၊ ရွှေဘို စတဲ့ မြို့နယ်တွေမှာ ကျင်းပကြတာ ဖြစ်ပါတယ်။