နေပြည်တော်အမြန်လမ်း ယာဉ်တိုက်မှု ၁၂ ဦး သေဆုံး
2014.04.12

ဒီနေ့ မနက် ၂ နာရီလောက်က နေပြည်တော် အမြန်လမ်း မိုင်တိုင်အမှတ် ၁၁၆ အနီးမှာ ရန်ကုန်-တောင်ကြီး ပြေး ဆွဲတဲ့ တောင်ပြာတန်း ဘတ်စ်ကားကြီးတစ်စီးက ဆလွန်းကားတစ်စီးကို တိုက်မိရာကနေ ကားနှစ်စီးစလုံး မီးလောင်ခဲ့ပြီး ခရီးသည် ၁၂ ဦး သေဆုံးခဲ့ပါတယ်။
စက်ချို့ယွင်းမှုကြောင့် တခြားကားတစ်စီးက ဆွဲသွားနေတဲ့ ဆလွန်းကားကို အရှိန်နဲ့မောင်းနှင်ခဲ့တဲ့ တောင်တန်းပြာ ဘတ်စ်ကားကြီးက ဝင်တိုက်မိရာက မီးလောင်ကျွမ်း ပြီး သေဆုံးသူတွေ ရှိခဲ့တာဖြစ်ကြောင်း နေပြည်တော် အမြန်လမ်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေဝင်းက ပြောပါတယ်။
"စက်ချို့ယွင်းတဲ့ ဆလွန်းကားလေးကို လိုက်ထရပ်ယဉ်လေးနဲ့ ညာဘက်ကျော ပုံမှန်လမ်းကြောင်းကနေ မှန်မှန်လေး နှစ်စီးဆွဲပြီး သွားတာပါ၊ နောက်က တောင်ပြာတန်း တောင်ကြီး-ရန်ကုန် အထူးကားကြီးက အရှိန်မထိန်းနိုင်ပဲ ဝင်တိုက်ပြီးတော့ ကြိတ်ပြီးတော့ တောက်လျှောက်တွဲပြီး ပါသွားတာပေါ့လေ၊ ကားလေးက ကားကြီးရဲ့ ဘီးအောက်မှာဝင်သွားပြီးတော့ ဒရွတ်တိုက်ပါသွားတဲ့အခါမှာ အဲဒီကားရဲ့ ဆီတိုင်ကီတွေ ဘာတွေနဲ့ မီးထလောင်ပြီးတော့ နှစ်စီးထပ်နေတာဖြစ်တဲ့အတွက် အပေါ်က ကားကြီးပါထပ်လောင်ပြီးတော့ ကားတွေပျက်စီးတယ်၊ လူတွေဆုံးရှုံးဒဏ်ရာရတယ်လို့ ကျနော်တို့ သုံးသပ်ရပါတယ်"
ဒဏ်ရာရသူ လေးဦးကို ဖြူးမြို့ဆေးရုံမှာ တင်ပို့ပေးထားပြီး အဲဒီထဲက ဒဏ်ရာပြင်းထန်သူတွေကို တောင်ငူဆေးရုံနဲ့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ကုသပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
တောင်ပြာတန်းဘတ်စ်ကားပေါ်မှာ ခရီးသည် ၄၄ ဦးပါရှိခဲ့ပြီး အဲဒီအထဲက ၆ ဦး သေဆုံးခဲ့သလို ဆလွန်းကားပေါ်မှာရှိခဲ့တဲ့ ၆ ဦးစလုံး သေဆုံးခဲ့တာပါ။ တောင်ပြာတန်း ဘတ်စ်ကားယာဉ်မောင်းဟာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ပြီး ရဲတပ်ဖွဲ့က အရေးယူဖို့ စုံစမ်းနေတယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရန်ကုန် နေပြည်တော် အမြန်လမ်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေဝင်းကို RFAသတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
နေပြည်တော် အမြန်လမ်းမှာ အခုလို ယာဉ်တိုက်မှုတွေနဲ့ ပတ်သက်လို့ အရေးပေါ် ကူညီကယ်ဆယ်ရေးအတွက် ၁၁၅ မိုင်မှာ ဖွင့်လှစ်ထားတဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းရုံးရဲ့ တာဝန်ခံ ဒေါ်သန်းသန်းမြင့်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။