ပြည်ထောင်စုနေ့ အပစ်ရပ်လက် မှတ်ထိုးဖို့ မဖြစ်နိုင်သေးလို့ ကေ အိုင်အေ ခေါင်းဆောင် ပြော


2015.01.21
ncct-upwc-chiang-mai-305.jpg NCCT နဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေ ဇန်နဝါရီလ ၂၁ ရက်နေ့က ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေး ကြစဉ်
Photo: Aung Moe Myint/RFA

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချူပ်ကို လာမယ့် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းအားလုံး သဘောတူလက်မှတ်ထိုးဖို့ မဖြစ်နိုင်သေးဘူးလို့ ဒီကနေ့ မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေနဲ့ NCCT ခေါင်းဆောင်တွေ တွေ့ဆုံအပြီးမှာ NCCT ဒုတိယ အဖွဲ့ခေါင်းဆောင် ဗိုလ်ချူပ် ဂွမ်မော် က ပြောဆို လိုက်ပါတယ်။

ဒီကနေ့ မြန်မာငြိမ်းချမ်းရေးစင်တာ MPC က ဦးလှမောင်ရွှေ ဦးဆောင်တဲ့အဖွဲ့နဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ NCCT က တိုင်းရင်းသား ခေါင်းဆောင်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အချက်တချို့ဟာ ညှိနှိုင်းလို့ မရသေးတာကြောင့်ဖြစ် တယ်လို့ ဗိုလ်ချူပ် ဂွမ်မော် က ပြောဆိုပါတယ်။

KIA အနေနဲ့တော့ မပြောချင်ဘူး NCCT တစ်ခုလုံးနဲ့ ပြောမယ်ဆိုရင် အခု ဇန်နဝါရီ ကုန်ခါနီးမှာတောင်မှ အစည်းအဝေးတွေ မဖြစ်နိုင်တာ ဖေဖေါ်ဝါရီ ၁၂ ဆိုတာ မမီနိုင်ပါဘူး၊။ ဒါက လူထုကို လိမ်လို့ မရပါဘူး၊ ဒါမျှော်လင့်ချက်ပေးလို့မရပါဘူး။ ဒီ ၁၂ ရက်နေ့ လက်မှတ်ထိုးမယ်ဆိုတာ အခုအခြေအနေအတိုင်းဆို မဖြစ်နိုင်ဘူးလို့ပဲ ပြောချင်ပါတယ်။ ကျနော်တို့ ခုနှစ်ကြိမ်မြောက် အစည်းအဝေးတွေ မကျင်းပနိုင်ဘဲနဲ့တော့ ဒီနောက်တဆင့်ကို သွားဖို့မလွယ်သေးပါဘူး။”

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ ရန်ကုန်မြို့မှာ NCCT တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ခေါင်းဆောင်တွေနဲ့ ခုနှစ်ကြိမ်မြောက် ထပ်မံတွေ့ဆုံဆွေးနွေးဖို့ဆိုတာဟာလည်း ဆွေးနွေးညှိနှိုင်းထားတဲ့အချက်တချို့ကြောင့် ရက်သတ်မှတ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ဗိုလ်ချူပ် ဂွမ်မော် က ဆက်ပြောပါတယ်။

“အဓိကကတော့ ဒီကျနော်တို့ စက်တင်ဘာလမှာ Road Map အပါအဝင် တချို့ခေါင်းစဉ်တွေမှာ ကျနော်တို့ ဆွေးနွေးရတဲ့အခါမှာ အခက်အခဲတွေရှိသွားတယ်။ အဲ့တော့ဒီဟာတွေ မကျော်ဖြတ်နိုင်ဘဲနဲ့ ကျနော်တို့က နောက်အစည်းအဝေးအတွက် ဆွေးနွေးမယ့် အချက်အလက်တွေ မဆွဲနိုင်သေးပါဘူး၊ နောက် ဒုတိယအချက်ကတော့ ဒီကျနော်တို့ အခုပြန်ပြီးဖြစ်နေတဲ့ တိုက်ပွဲတွေကိစ္စများကို ဘယ်လိုရပ်တန့်အောင် လုပ်မလဲ၊ နောက်ဒီကျနော်တို့ ဗိုလ်လောင်းသင်တန်းကျောင်းမှာ ဖြစ်ခဲ့တဲ့ကိစ္စကိုလည်း ကျနော်တို့က မသိကျိုးကျွန်ပြုပြီးနေလို့မရဘူး၊ ဒီဟာကို အပြုသဘောမျိုးနဲ့ အရင်ဖြေရှင်းပြီးမှ သွားသင့်တယ်။ အဲ့တော့ အစည်းအဝေးအစပိုင်း ဆွေးနွေးမယ့် အချက်အလက်တွေမှာ ဒီဟာတွေပါသင့်တယ်လို့ တောင်းဆို ထားတာ ဖြစ်ပါတယ်။”

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘာတူစာချူပ်မူကြမ်း နှစ်ဖက်သဘောတူနိုင်ဖို့အတွက် အဆင်ပြေနိုင်ဖို့ အလားအလာကောင်းတွေ အများကြီးရှိနေပြီး ခုနှစ်ကြိမ်မြောက် မတွေ့ဆုံခင်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌဝန်ကြီး ဦးအောင်မင်းဟာ အခုလကုန်ပိုင်းမှာ ချင်းမိုင်မြို့ကိုလာပြီး NCCT ခေါင်းဆောင်တွေနဲ့ ဆွေးနွေးညှိနှိုင်းသွားဖို့ ရှိတယ် လို့လည်း MPC အဖွဲ့ခေါင်းဆောင် ဦးလှမောင်ရွှေက ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။