NDF ပါတီအမတ်တစ်ဦးကို ဒုတိယဝန်ကြီးအဖြစ် သမ္မတခန့်အပ်
2013.02.06
အင်္ဂါနေ့က ကြေညာခဲ့တဲ့ ဒုတိယဝန်ကြီးသစ် ငါးဦးစာရင်းမှာ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီဝင် လွှတ်တော်အမတ် ဒေါက်တာတင်ရွှေ ကို ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ထားပါတယ်။
အခုလို ဒေါက်တာတင်ရွှေ ကို ဒုဝန်ကြီး ခန့်အပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပါတီနဲ့ ညှိနှိုင်းတာမရှိခဲ့ကြောင်း၊ ကြိုတင်ပြီးတော့လည်း မသိခဲ့ရကြောင်း၊ အခုလို မိမိတို့ပါတီဝင်အမတ်တစ်ဦး အစိုးရအဖွဲ့ဝင်ဖြစ်သွားတဲ့အတွက် အစိုးရအပေါ် မဝေဖန်ဘဲနေတော့မှာ မဟုတ်ကြောင်း၊ ပြည်သူ့အကျိုးစီးပွားနဲ့ ဆန့်ကျင်တာ မှန်သမျှ ပါတီအနေနဲ့ ဆက်လက်ဝေဖန် ထောက်ပြနေမှာဖြစ်ကြောင်း NDF ပါတီ ဥက္ကဌ ဦးခင်မောင်ဆွေ က AFP ကို ပြောဆိုခဲ့ပါတယ်။
အသက် ၆၇ နှစ်အရွယ် ဒေါက်တာတင်ရွှေ ဟာ လွှတ်တော်အမတ်အဖြစ်က နှုတ်ထွက်ပြီး အစိုးရအဖွဲ့ထဲ တာဝန်ထမ်းဆောင်တော့မှာဖြစ်တဲ့အတွက် နေပြည်တော်က လွှတ်တော်နှစ်ရပ်မှာ NDF ပါတီက လွှတ်တော် အမတ် ၅ ဦး ကျန်ရှိမှာဖြစ်ပါတယ်။ အသစ်ခန့်လိုက်တဲ့ ဒုတိယဝန်ကြီးတွေထဲမှာ အရပ်သားတွေ ပါဝင်နေတဲ့အတွက် တိုးတက်ပြောင်းလဲလာတဲ့ လက္ခဏာတစ်ရပ်အဖြစ် လေ့လာသူတချို့က သုံးသပ်ကြပါတယ်။