မုံရွာမြို့နယ် နဂါးတွင်းကျေးရွာက နေအိမ် ၃၀ နီးပါး မီးရှို့ဖျက်ဆီးခံရ

2022.11.04
မုံရွာမြို့နယ် နဂါးတွင်းကျေးရွာက နေအိမ် ၃၀ နီးပါး မီးရှို့ဖျက်ဆီးခံရ မီးရှို့ဖျက်ဆီးခံရသည့် မုံရွာမြို့နယ် နဂါးတွင်းကျေးရွာကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်က တွေ့ရစဉ်။
ဓာတ်ပုံ-မုံရွာ - အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် နဂါးတွင်းကျေးရွာမှာ နိုဝင်ဘာ ၃ ရက် မနေ့က စစ်ကောင်စီ တပ်ဖွဲ့တွေက စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ကျေးရွာထဲကနေအိမ် ၃၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ နဂါးတွင်းရွာဒေသခံတွေက RFA ကိုပြောပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့တွေဟာ နိုဝင်ဘာ ၃ ရက် မနက်ပိုင်းမှာ နယ်မြေရှင်းလင်းရေးပုံစံနဲ့ နဂါးတွင်းကျေးရွာထဲကို ဝင်ရောက်လာပြီးနောက် နေအိမ်တွေ မီးရှို့ခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မုံရွာဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“နဂါးတွင်းရွာ တောင်ဘက်ပိုင်းကို မီးရှို့တာ။ အိမ်ခြေ ၂၀ နဲ့ ၃၀ ကြားမှာ လောင်သွားတယ်။ ကျနော်တို့တော့ ရွာထဲကို ခုထိမဝင်ရသေးဘူး။ မနေ့က တစ်နေ့လုံး စစ်ကြောင်းက ရွာထဲမှာနေတာ။ ဒီမနက်မှ ထွက်သွားတယ်”

အိမ်ခြေ ၃၀၀ နီးပါးရှိတဲ့ နဂါးတွင်းကျေးရွာထဲကို စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်လာတာကြောင့် ဒေသခံတွေက ဘေးလွတ်ရာ ထွက်ပြေးခဲ့ ရတယ်လို့လည်း သူကဆက်ပြောပါတယ်။

နိုဝင်ဘာ ၃ ရက်မနက်ပိုင်းက နေအိမ်တွေ မီးရှို့မခံရခင် နဂါးတွင်းရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့တွေကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့လည်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကပြောပါတယ်။

ဒေသခံတွေရဲ့ နေအိမ်မီးရှို့ခံရတာနဲ့ ပတ်သက်လို့ အသေးစိတ် အခြေအနေသိရဖို့ စစ်ကောင်စီ ပြောခွင့်ရ စစ်ကိုင်းတိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တပ်မတော် စစ်ကြောင်းတွေအနေနဲ့ အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့တဲ့လုပ်ရပ်ကို ဘယ်လိုနည်းနဲ့မှ လုပ်စရာအကြောင်း မရှိဘူးလို့ ယခင်ကပြောဆိုထားပါတယ်။

ဒါပေမဲ့ ဒေသခံတွေကတော့ နေအိမ်တွေကို မီးရှို့တာကို စစ်ကောင်စီတပ်သားတွေ လုပ်ဆောင်နေကြတာလို့ တုံ့ပြန်ပြောဆိုထားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။