မင်းပြားနဲ့ ပုဏ္ဏားကျွန်းမှာ ပေါက်ကွဲမှုကြောင့် ကိုးယောက် ဒဏ်ရာရ

ဖြူဖြူခိုင်
2020.01.19
mrauku-minbya-ponnagyun-map-622.jpg ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြားနဲ့ ပုဏ္ဏားကျွန်းမြို့နယ် မြေပုံကို တွေ့ရစဉ်
Photo: Google Map

ရခိုင်ပြည်နယ်မှာ သုံးရက်အတွင်း တိုက်ပွဲမရှိပေမယ့် မင်းပြားမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့မှာ မပေါက်ကွဲဘဲ ကျန်နေခဲ့တဲ့ လက်နက်ကြီးကျည် ပေါက်ကွဲတာ၊ မိုင်းပေါက်ကွဲတာတွေကြောင့် အရပ်သား ကိုးယောက် ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။

မင်းပြားမြို့နယ် ရွှေကျန်ကျေးရွာအနီးမှာ မပေါက်ကွဲသေးဘဲ ကျန်နေတဲ့ လက်နက်ကြီးကျည် ပေါက်ကွဲ ခဲ့တာကြောင့် ထင်းရှာတဲ့ ကလေး သုံးယောက်အပါအဝင် အရပ်သား ရှစ် ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ရွှေကျန်ကျးရွာရဲ့ အရှေ့မြောက်ဘက် ‌ခြောက်ဖာလုံ ခန့်မှာရှိတဲ့ တောစပ်တစ်နေရာမှာ ဒီကနေ့ နေ့လယ် ၁၁ နာရီခွဲမှာ ပေါက်ကွဲတာလို့ သိရပါတယ်။   

ဒဏ်ရာရသွားတဲ့ သူတွေကတော့ အသက် ၁၂ အရွယ် မောင်စိုးနိုင်လင်းနဲ့ မောင်ချစ်ဦး၊ ၁၃ နှစ်အရွယ် မောင်သိန်းလင်းချေ တို့အပြင် ၂၁ နှစ်အရွယ် မခိုင်ခိုင်ဝင်းနဲ့ မဝင်းဝင်းသန်း၊ ၄၂ နှစ်အရွယ် ဒေါ်မကျော့ဦး၊ ၇၃ နှစ်အရွယ် ဒေါ်မအေးညွန့် တို့ ဖြစ်ပါတယ်။

ဒဏ်ရာရခဲ့သူ ရှစ်ယောက်ကို ဒီကနေ့ ညနေမှာ ပန်းမြောင်းဆေးရုံကနေ မြောက်ဦးဆေးရုံကို ပြောင်း‌ရွှေ့ထားပြီး ဒီအထဲက ကျောင်းသား တစ်ယောက်နဲ့ အမျိူးသမီး နှစ်ယောက်ကတော့ စိုးရိမ်ရတယ်လို့ ရွှေကျန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညိုမောင်သိန်းက RFA ကိုပြောပါတယ်။

“ စိုးရိမ်ရတဲ့သူတွေ သုံးယောက်လောက် ပါပါတယ်။ မိန်းမတစ်ဦးက ဝမ်းဗိုက်မှာထိတာ နည်းနည်းစိုးရိမ်ရတယ်။ သိန်းလင်းချေဆိုတဲ့ သူမှာလည်း ခြေမျက်စိတွေ ခြေတွေမှာ ဒဏ်ရာရထားပြီး စိုးရိမ်ရတယ်။ ကျွန်တော်တို့ အားလုံးကို တိတိကျကျပြောဖို့ အဆင်မပြေသေးပါဘူး။”


ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့နေရာမှာ ပြီးခဲ့တဲ့ သြဂုတ်လနဲ့ စက်တင်ဘာလတွေက တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒီလိုတိုက်ပွဲ ဖြစ်ပွားရာက မပေါက်ကွဲသေးဘဲ ကျန်ခဲ့တဲ့ လက်နက်ကြီးကျည် ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ယူဆကြပါတယ်။

ဒီလိုပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က

“ရွှေကျန်ရွာတစ်ဝိုက်မှာ လွန်ခဲ့တဲ့ တစ်လကျော်ခန့်က ကုလားမတောင်ရဲ့ နောက်ကျောမှာ ရှိတဲ့ မင်းဘူးတောင်နားမှာ ရက္ခိုင့်တပ်တော်နဲ့တိုက်ပွဲ ဖြစ်ပွားခဲ့တာရှိပြီး အဲဒီအချိန်ကတပ်မတော်က ရွှေကျန်ရွာတစ်ဝိုက်မှာ တပ်မတော်စစ်ကြောင်းတွေ အများကြီးနေရာယူပြီးတော့ စခန်းချခဲ့တာရှိတယ်။ အဲဒီရွှေကျန်ရွာအနီး တောတောင်တွေအနှံ့ လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်တာတွေလည်း အဲဒီနောက်ပိုင်းမှာ အများကြီးရှိတယ်။ မပေါက်ကွဲဘဲ ကျန်ခဲ့တဲ့ လက်နက်ကြီးကျည်ပဲ ကွဲတာလား၊ မဟုတ်ဘဲအဲဒီမှာ မြန်မာစစ်တပ်က ထောင်ထားခဲ့တဲ့စွန့်လွှတ် မိုင်းပေါ့နော်။ အဲဒီစွန့်လွှတ်မိုင်းတွေက ရွာသားတွေအတွက်တော့ အမြဲတမ်းအန္တရာယ်ရှိနိုင်တယ်။ ဖြစ်နိုင်တာက စွန့်လွှတ်မိုင်းတွေ ထိတာဖြစ်နိုင်တယ်” ပြောပါတယ်။

ဒီနေ့ တစ်ရက်တည်းမှာပဲ ပုဏ္ဏားကျွန်းမြို့နယ် ဗုဒေါ္ဓ ကျေးရွာသား တစ်ယောက် မိုင်းနင်းမိပြီး ခြေထောက် ဒဏ်ရာရခဲ့ပါတယ်။ အသက် ၄၀ အရွယ် ဦးသန်းထွန်းလှဟာ ဒီကနေ့ မနက်ပိုင်းက ဗုဒ္ဓေါကျေးရွာရဲ့ အနောက်ဘက် နှစ်ဖာလုံခန့် အကွာ တောင်နားကို ထင်းရှာသွားချိန်မှာ မိုင်းနင်းမိခဲ့တာလို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ် က ပြောပါတယ်။

မိုင်းနင်းမိခဲ့တာကြောင့် ညာဘက်ခြေကျင်းဝတ် ပြတ်ထွက်သွားပြီး စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ လက်ရှိ ယိုးတရုတ်ဆေးရုံမှာ ဆေးကုသခံနေပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေဖြစ်တဲ့ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြားနဲ့ ပုဏ္ဏားကျွန်းစတဲ့ မြို့နယ်တွေမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ နေ့စဉ်လိုလို တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး မသင်္ကာသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေ သေဆုံးမှုတွေကတော့ နေ့တိုင်းလိုလို ဖြစ်နေတယ်လို့ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေက ပြောကြပါတယ်။

ဒီသုံးရက်အတွင်း တိုက်ပွဲ မရှိပေမယ့်လည်း ဒီတစ်နေ့တည်းမှာ ပေါက်ကွဲမှုတွေကြောင့် လူထိခိုက် ဒဏ်ရာရသလို ဒီနေ့မှာပဲ မြောက်ဦးမြို့နယ်မှာ တပ်ကပစ်လို့ အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ် က ပြောပါတယ်။

“စစ်တိုက်ကြရင်လည်း နိုင်ငံတကာဥပဒေနဲ့ အညီစည်းနဲ့ကမ်းနဲ့ တိုက်ကြတာ ကောင်းတယ်။ ပုဏ္ဏားကျွန်းမြို့နယ်မှာလည်း ဒီနေ့ မိုင်းနှစ်ယောက်ထိတယ်။ တစ်ယောက်ကအကြီးအကျယ် ဒဏ်ရာရတယ်။ မြောက်ဦးမှာကျတော့ တပ်ရှေ့က ဖြတ်သွားတဲ့ ဆိုင်ကယ်သမားကိုပစ်တာ တစ်ယောက်ဆုံးသွားတယ်။ တိုက်ပွဲသာမဖြစ်တာ လူသေဆုံးမှုကအမြဲတမ်းလိုလိုရှိတယ်။ ”

မြောက်ဦးမြို့နယ် ခမရ ၅၄၀ တပ်ရင်းက ပစ်တာလို့ ဆိုပါတယ်။  သေဆုံးသူဟာ အသက် ၃၂ နှစ်ဝန်းကျင် ကိုဌေးနိုင်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ကနေ မြောက်ဦးကို ရောက်ရှိနေတာလို့ သိရပါတယ်။

ဇန်နဝါရီလ ၁၈ ရက်နေ့ မနေ့ကတော့ မင်းပြားမြို့နယ်က အရပ်သား တစ်ဦးကို တပ်မတော်က ဖမ်းဆီးသွားတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

မင်းပြားမြို့နယ် ပြင်ယောင်းကျေးရွာက ရှင်ပြုအလှူကို ရောက်နေတဲ့ အသက် ၂၈ နှစ်အရွယ် ကိုကျော်မင်းနိုင်ဟာ မြောက်ဦးကို ဖုန်းဝယ်ဖို့သွားချိန်မှာ အမှတ် ( ၅၄၀ ) တပ်ရင်းရှေ့က ဖြတ်သန်းသွားချိန် မသင်္ကာလို့ဆိုပြီး ဖမ်းဆီးလိုက်တာလို့  ပြင်ယောင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

“ကျွန်တော့်မှာ ရှင်ပြုမှာမို့ သူ့အဖေနဲ့ ကျွန်တော်ကညီအစ်ကိုပြုထားလို့ သူတို့လာကြတာ။ ဒီမှာ ရှင်ပြုပြီး မနေ့က ရှင်ကထွက်တယ်။ သူကမြောက်ဦးကို ဖုန်းဝယ်ဖို့ သွားတဲ့အချိန်မှာ မသင်္ကာလို့ ဖမ်းထားတယ်လို့ ကြားတယ်။”

ဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဒီနေ့ အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေကြောင့် ၂၀၁၉ ကနေ ဒီနေ့အထိ လူဦးရေ ၁၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာသူ လူဦးရေ ၂၆၀ ကျော်အထိရှိနေပြီလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။