ပြည်သူလူထုရဲ့ ဆန္ဒကို လေးစားဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော
2011.05.28

“၁၉၈၈ ခုနှစ် ပြည်သူလူထုရဲ့ အုံကြွမှုကြီးကနေ ပေါက်ဖွားလာတဲ့ အဲဒီရွေးကောက်ပွဲကို ကျင်းပစဉ် အခါတုန်းက ကျမတို့ကို ပေးခဲ့တဲ့ကတိတွေ၊ အဲဒီတုန်းက နဝတ ပေါ့နော်။ ပေးခဲ့တဲ့ကတိ ဆိုတာဟာ ပြည်သူလူထုကို ပေးခဲ့တဲ့ကတိတွေ။ ပြီးတော့ နိုင်ငံတနိုင်ငံဟာ သိက္ခာရှိဖို့၊ နိုင်ငံတနိုင်ငံဟာ တိုးတက်ဖို့ ဆိုတာဟာ အခြေခံအားဖြင့် ပြည်သူလူထုကို လေးစားရမယ်။ ပြည်သူလူထုကို လေးစားရမယ်ဆိုတာ ပြည်သူလူထုကို မလှည့်ဖျားရဘူး။ ပြည်သူလူထုကို အခု စကားတမျိုးပြောပြီး နောက် စကားတမျိုး မပြောရဘူး။ ဒါကြောင့်မို့လို့ ကျမတို့အနေနဲ့ ၁၉၉ဝ ရွေးကောက်ပွဲရဲ့ ရလဒ်ကို အသိအမှတ် မပြုတာကို ကျမတို့ အမြဲ ကန့်ကွက်တယ်။ အမြဲ ကန့်ကွက်တဲ့အကြောင်းက NLD ကို အာဏာ မလွှဲလို့ မဟုတ်ဘူး၊ ပြည်သူလူထုကို မလေးစားလို့”
ရန်ကုန်မြို့ ရွှေဂုံတိုင် NLD ပါတီဌာနချုပ်မှာ မနေ့က ကျင်းပတဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောဆိုခဲ့တာပါ။
ဒါ့အပြင် NLD ပါတီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးကလည်း အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ရဲရဲဝံ့ဝံ့ ပါဝင် လက်မှတ်ရေးထိုးကြဖို့ အခမ်းအနားမှာ ဖိတ်ခေါ် ပြောဆိုလိုက်ပါတယ်။
“ကျနော်တို့ လုံးပမ်းမှာပဲ။ ဥပဒေနည်းအရလည်း လုံးပမ်းမှာပဲ။ ငြိမ်းချမ်းသောနည်းအားဖြင့် လုံးပမ်းမှာပဲ။ အခုလည်း လက်မှတ်တွေ ထိုးခိုင်းနေတယ်။ လက်မှတ်တွေ ထိုးကြပါ။ အခုကြားတယ်၊ ရွံ့သလိုလို ကြောက်သလိုလို ဘာညာနဲ့။ ဘာ ရွံ့သလို ကြောက်သလို ဖြစ်နေရမှာလဲ။ အခုက သူတို့ကိုယ်သူတို့ စစ်အစိုးရ မဟုတ်ဘူးလို့ ပြောနေတယ်၊ အရပ်သားအစိုးရလို့ ပြောတယ်။ အဲဒီအရပ်သား အစိုးရ တကယ် ဟုတ်မဟုတ်၊ သူတို့ စိတ်ဓာတ် အမှန် ရှိမရှိ ကျနော်တို့ စမ်းသပ်တဲ့အနေနဲ့ လက်မှတ်တွေ ထိုးပါလို့ ကျနော်တို့ ပြောချင်တယ်”
၁၉၉၀ ရွေးကောက်ပွဲမှာ NLD ပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပေမယ့် ဗိုလ်ချုပ်မှူးကြီးစောမောင်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ နဝတ/ နအဖ စစ်အစိုးရ အဆက်ဆက်က ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် ဖော်ပေးဖို့ ပျက်ကွက်ခဲ့ပါတယ်။
ရွေးကောက်ပွဲ အနိုင်ရ (၂၁) နှစ်ပြည့် အခမ်းအနားမှာ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပြောစကားတွေကို RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က ကောက်နှုတ် တင်ပြထားပါတယ်။
![]() |
ကောက်နှုတ်တင်ပြချက်။ |
![]() |
အသံဖိုင်ယူရန်။ |