ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးအမည် စာရင်း ရှေ့သီတင်းပတ် ထုတ်ပြန်မည်
2016.03.19

ပြည်ထောင်စုဝန်ကြီးနဲ့ တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ် အမည်စာရင်းတွေစာရင်းကို လာမယ့်သီတင်းပတ် ထဲမှာ ထုတ်ပြန်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်က ပြော ပါတယ်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်း နိုင်ငံတော် သမ္မတက သူရွေးချယ်ထားတဲ့ အစိုးရအဖွဲ့နဲ့ တိုင်းဒေသ ကြီး ပြည်နယ်အစိုးရအဖွဲ့ ရွေးချယ်မှုအစီအစဉ်တွေကို ဒီကနေ့ နေပြည်တော်က စည်ပင်ရိပ်သာ မှာ ဒေါက်တာဇော်မြင့်မောင်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
"လွှတ်တော်မှာ ပြည်ထောင်စုဝန်ကြီးဦးရေ၊ ဝန်ကြီးဌာနအရေအတွက် ဘာဝန်ကြီးဌာနတွေဆိုတာ ပြောပြီး ပြီဆိုလို့ရှိရင် ၂၁ ရက်နေ့ကျလို့ရှိရင် သူ့အစီအစဉ်နဲ့ သမ္မတ ဘာကြောင့်ဒီလိုပြောတယ်ဆိုတာ ရှင်းလိမ့်မယ် အစီအစဉ်အရ၊ အဲ့ဒါပြီးလို့ရှိရင် ဝန်ကြီးတွေ အမည်နာမပါလိမ့်မယ်၊ ပြီးလို့ရှိရင် တိုင်းဒေသကြီးတွေရဲ့ ဝန်ကြီးချုပ် ရွေးချယ်တင်မြှောက်ခံထားရသော သမ္မတက အမည်စာရင်း တင်သွင်းမယ့် ဝန်ကြီးချုပ်ဟာပြီးပြီ၊ ပြီးလို့ရှိရင် ဝန်ကြီးချုပ်တွေကနေတင်တဲ့ ဝန်ကြီးဌာနအရေအတွက်နဲ့ ဝန်ကြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အဲ့ဒါတွေက တဆင့်ချင်းလာမှာ၊ အဲ့ဒါတွေပြီးပြီဆိုလို့ရှိရင် သမ္မတ ကျမ်းကျိန်မယ့်နေ့ပဲ၊ သမ္မတ ကျမ်းမကျိန်ခင် ဒါတွေအကုန်ပြီးသွားမှာ တဆင့်ချင်း တဆင့်ချင်း ဒါကအခြေခံဥပဒေနဲ့ ရေးထားတဲ့အတိုင်း တဆင့်ချင်းသွားမှာပဲ၊ တစ်ခါတည်း တပြိုင်နက်တည်း မထုတ်ပြန်ဘူး"
ရွေးချယ်ထားပြီးဖြစ်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည် ရဲ့နေအိမ်မှာ ဒီကနေ့ တွေ့ဆုံတယ်လို့ သတင်းတွေထွက်ပေမယ့် ဒေါက်တာဇော်မြင့်မောင်ကတော့ သီးခြား အတည်ပြုတာ မရှိပါဘူး။ ဧရာဝတီမြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့တော့ ပြည်သူတွေရဲ့ ဆန္ဒအတိုင်း သာ ဆောင်ရွက်သွားမယ်လို့ ဒေါက်တာဇော်မြင့်မောင်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အန်အယ်လ်ဒီအစိုးရက ခန့်အပ်မယ့် ပြည်ထောင်စုဝန်ကြီးတွေရဲ့ နေအိမ်တွေကို သွားရောက်ကြည့်ရှုခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
ဒါပေမယ့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်တွေဖြစ်လာမယ်လို့ ထင်ကြေးပေးခံနေသူတွေဖြစ်တဲ့ ဦးဖြိုးမင်းသိန်း ၊ ဒေါက်တာအောင်မိုးညို၊ ဒေါက်တာမြင့်နိုင်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဦးညီပု စတဲ့ပုဂ္ဂိုလ်တွေကတော့ နေပြည်တော်ကို လာရောက်ခဲ့ကြပါတယ်။