တောင်ကြီးခရိုင် NLD ဥက္ကဌ ဦးတင်မောင်တိုး ကို ထုတ်ပယ်ဖို့ CEC ဆုံးဖြတ်
2016.11.25

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့တောင်ကြီးခရိုင်ဥက္ကဌ ဦးတင်မောင်တိုးကို ပါတီကနေ ထုတ်ပယ်ပြီး ရှမ်းပြည်နယ်ပါတီဥက္ကဌ ဒေါ်ခင်မိုးမိုးကိုလည်း ရာထူးကနေ ဖယ်ရှားဖို့အတွက် ဒီကနေ့ပြုလုပ်တဲ့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးက ဆုံးဖြတ်လိုက်တယ်လို့ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် က ပြောပါတယ်။
နေပြည်တော် စည်ပင်ဧည့်ရိပ်သာဝင်းထဲမှာရှိတဲ့ ယူနီစန်စားသောက်ဆိုင်မှာ ဒီကနေ့ ပြုလုပ်တဲ့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကနေ အယူခံရုံးရဲ့ဆုံးဖြတ်ချက်အတိုင်း အရေးယူဖို့ သဘောတူလိုက် တာဖြစ်တယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။
ပါတီက ထုတ်ပယ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရှမ်းပြည်နယ်ဥက္ကဌ ဒေါ်ခင်မိုးမိုး နဲ့ တောင်ကြီးခရိုင်ဥက္ကဌ ဦးတင်မောင်တိုး တို့က အယူခံဝင်ခဲ့တဲ့အတွက် ပါတီက အယူခံရုံးဖွဲ့ စစ်ဆေးခဲ့ပြီး အခုလို အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။
ရာထူးကနေ ဖယ်ရှားခံထားရသူတွေဖြစ်တဲ့ ရှမ်းပြည်နယ်ရဲ့ ပါတီစည်းကမ်းထိန်းသိမ်းရေး တာဝန်ယူထား တဲ့ ဒေါ်မီးမီးနဲ့ ဒေါ်ယူမီဇော် တို့ကိုတော့ မူလတာဝန်တွေမှာ ပြန်လည်ထမ်းဆောင်ဖို့ ဆုံးဖြတ်လိုက်ကြောင်းလည်း ဦးဝင်းထိန် က ပြောပါတယ်။
ပြီးခဲတဲ့ စက်တင်ဘာလက ရှမ်းပြည်နယ် တောင်ကြီးခရိုင် NLD ပါတီဥက္ကဌ ဦးတင်မောင်တိုးက ပါတီ CEC အဖွဲ့ကို facebook ပေါ်မှာ စော်ကားတယ်ဆိုပြီး ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် က ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ပြည်နယ်ဥက္ကဌ ဒေါ်ခင်မိုးမိုးနဲ့ ဒေါ်မီးမီး၊ ဒေါ်ယူမီဇော် တို့ကိုလည်း ၂၀၁၅ ရွေးကောက်ပွဲမှာ ပါတီအောင်နိုင် ရေးအတွက်ပူးပေါင်းဆောင်ရွက်မှုမရှိလို့ဆိုပြီး ဥက္ကဌနေရာကနေ ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။