ရွေးကောက်ပွဲမှာ NLD ၁၁၃၈ နေရာ ဝင်ပြိုင်မည်


2015.08.14
nld-candidates-620 နေပြည်တော်မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် NLD ကိုယ်စားလှယ်လောင်း ၁ဝ ဦး သြဂုတ်လ ၅ ရက်နေ့ က နေပြည်တော် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှာ အမည်စာရင်း လာရောက်တင်သွင်းစဉ်
Photo: RFA

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လာမယ့် ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၁၃၈ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ရှမ်းပြည်နယ်မှာ NLD ပါတီက ရွေးကောက်ပွဲမဝင်တဲ့ မဲဆန္ဒနယ် ၁ဝ ခုရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမူဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

"ဥပမာအားဖြင့်ဆိုလို့ရှိရင်တော့ အဓိကအားဖြင့် ကျနော် ပြောမယ်ဆိုလို့ရှိရင်တော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရနေရာပေါ့၊ ဥပမာ ကျနော်တို့က "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နေရာတွေမှာဆိုလို့ရှိရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကျနော်တို့က ဝင်ရောက်ယှဉ်ပြိုင်နိုင်တာ မရှိဘူးဆိုတာ ဘာဖြစ်လို့လဲပြောရင် အဲ့ဒီနေရာတွေက ပြီးခဲ့တဲ့အပိုင်းတွေက စစ်ပွဲဖြစ်နေတာရယ် ပြီးတော့ ကျနော်တို့ရဲ့ NLD  အနေနဲ့က ဝေးသီခေါင်ဖျားနေ တဲ့နေရာတွေကြောင့် ကျနော်တို့အနေနဲ့ ဆက်သွယ်ရမယ့် အခက်အခဲရှိတာပေါ့"

ပြည်သူ့လွှတ်တော် ၃၁၉ နေရာ၊ အမျိုးသားလွှတ်တော် ၁၆၆ နေရာ၊ ပြည်နယ်တိုင်းဒေသကြီး လွှတ်တော် ၆၂၄ နေရာနဲ့ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်နေရာ ၂၉ နေရာတို့မှာ NLD က ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းအားလုံးဟာ ဒီနေ့ နောက်ဆုံးထားပြီး ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်ထံ အမည်စာရင်း တင်သွင်းရမှာဖြစ်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပြည်သူ့လွှတ်တော် ၃၃ဝ နေရာ၊ အမျိုးသား လွှတ်တော် ၁၆၈ နေရာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ၆၄၄ နေရာ၊ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နေရာ စုစုပေါင်း မဲဆန္ဒနယ် ၁၁၇၁ နေရာအတွက် လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

မဲဆန္ဒနယ်အားလုံးအတွက် မနေ့ကအထိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ အမည်စာရင်းတင်သွင်းသူ ကိုယ်စားလှယ်လောင်းပေါင်း ၅၄ဝ၈ ဦး ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။