အာဏာလွှဲပြောင်းရေး အစိုးရကော်မတီနဲ့ NLD ပါတီ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေး
2015.12.16

အစိုးရတာဝန်တွေကို စနစ်တကျ လွဲှပြောင်းပေးနိုင်ဖို့ အစိုးရဘက်မှ ဖွဲ့စည်းထားတဲ့ နိုင်ငံတော် အကြီးအကဲ တာဝန်လွဲှပြောင်းမှု အထောက်အကူပြု ကော်မတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အသွင်ကူးပြောင်းရေး အဖွဲ့ဟာ ပထမဆုံးအကြိမ်အဖြစ် ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဒီတွေ့ဆုံဆွေးနွေးပွဲကို NLD ပါတီရဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်ခဲ့ပြီး တာဝန်လွှဲပြောင်းရေးအတွက် ခေါင်းစဉ် ၃ ခုအောက်မှာ ဆွေးနွေးသွားဖို့အတွက် စတင်ညှိနှိုင်းခဲ့ကြတယ်လို့ တာဝန်လွဲပြောင်းမှု အထောက်အကူပြု ကော်မတီထဲမှာ ပါဝင်သူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က RFA ကိုပြောပါတယ်။
"အခုချိန်မှာ ပထမဆုံးအကြိမ် မိတ်ဆက်တဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် တက်ပါတယ်၊ ဦးဝင်းထိန်၊ ဒေါက်တာ မျိုးအောင်နဲ့ ဒေါက်တာအောင်သူ တို့ တက်ပါတယ်၊ ကျနော်တို့ အစိုးရဘက်ကတော့ ကျနော်ရယ်၊ ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်း၊ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး တက်ပါတယ်၊ ဆွေးနွေးတာကတော့ ဒီတာဝန်လွှဲပြောင်းရေးနဲ့ ပတ်သက်လို့ (၁) ကတော့ နိုင်ငံတော်အကြီးအကဲတာဝန် လွှဲပြောင်းမယ့် အစီအစဉ်တွေပေါ့၊ (၂) ကတော့ ဝန်ကြီးဌာနတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က သိချင်လို့ရှိရင် ဘယ်လိုပုံစံနဲ့ ရှင်းပြတာ ဆွေးနွေးတာတွေလုပ်မယ်ဆိုတဲ့ အစီအစဉ်ပေါ့၊ နောက် တစ်ခုက ကျနော်တို့ကြားမှာ တခြားကိစ္စတွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းဖို့လိုလို့ရှိရင် ဆက်သွယ်မယ့်လူတွေ သတ်မှတ်တာပေ့ါ"
ဒါ့အပြင်လည်း နောက်သီတင်းပတ်တွေမှာ နှစ်ဖက်အဖွဲ့တွေ ဆက်လက်တွေ့ဆုံညှိနှိုင်းသွားမှာ ဖြစ်တယ်လို့ လည်းပြောပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ NLD ပါတီကို တာဝန်လွှဲပြောင်းဖို့အတွက် အစိုးရဘက်က တာဝန်လွှဲပြောင်း အထောက်ကူပြုကော်မတီကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့က ဖဲ့ွစည်းခဲ့တာဖြစ်ပါတယ်၊
တာဝန်လွှဲပြောင်း အထောက်အကူပြုကော်မတီထဲမှာ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ဥက္ကဌအဖြစ် တာဝန်ယူထားပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်း၊ နိုင်ငံတော်သမ္မတရုံး၊ ညွှန်ကြားရေးမှူး ဦးဇော်ဌေးတို့လည်း ပါဝင်ပါတယ်၊
NLD ပါတီရဲ့ အသွင်ကူးပြောင်းရေးအဖွဲမှာတော့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်၊ ဒေါက်တာမျိူးအောင်နဲ့ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် (အငြိမ်းစား) ဒေါက်တာအောင်သူတို့ ပါဝင်ပါတယ်။
ဒီအကြောင်း အစိုးရတာဝန်လွဲပြောင်းမှု အထောက်အကူပြု ကော်မတီထဲမှာ ပါဝင်တဲ့ ဝန်ကြီး ဦးရဲထွဋ်ကို RFA က မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာကိုလည်း တဆက်တည်းနားဆင်နိုင်ပါတယ်။