ဒီလှိုင်းဂျာနယ် ဆောင်းပါးအတွက် NLD ကို သတိပေး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အပတ်စဉ် ထုတ်ဝေနေတဲ့ ဒီလှိုင်းစာစောင်ပါ NLD နာယက အဖွဲ့ဝင် ဟံသာဝတီ ဦးဝင်းတင် ရေးသားတဲ့ ဆောင်းပါးတစ်ပုဒ်နဲ့ ပတ်သက်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က NLD ကို ဒီကနေ့ ခေါ်ယူ သတိပေးခဲ့ပါတယ်။

2012.07.27

ဇူလိုင်လ (၉) ရက်နေ့က ထုတ်ဝေခဲ့တဲ့ ဒီလှိုင်းစာစောင်မှာ ဦးဝင်းတင် ရေးသားထားတဲ့ “စည်းရယ် ကမ်းရယ် ပတ်ကြမ်း မတိုက်ကြပါစေနဲ့” ဆိုတဲ့ ဆောင်းပါးနဲ့ ပတ်သက်လို့ နေပြည်တော်ရှိ ကော်မရှင် ရုံးခန်းမှာ NLD က သွားရောက်တွေ့ဆုံ ရှင်းလင်း ပြောဆိုခဲ့ရတယ်လို့ NLD ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် အတွင်းရေးမှူး အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။

"'ဒီလှိုင်းပါ ဆောင်းပါးနဲ့ ပတ်သက်လို့ ရေးသားတာတို့ကို သူတို့ဘက်က ခံစားရပါကြောင်းပေါ့ဗျာ၊ အဲတာကိုပြောတယ်။ ကျွန်တော်တို့ကလည်း ပြန်ပြီးတော့ ရှင်းပြခဲ့ပါတယ်။ နောက်ကော်မရှင်နဲ့ ပတ်သက်တဲ့ ကျွန်တော်တို့ ကြားထဲမှာ သူတို့ဖြစ်စေချင်တဲ့ ဆက်ဆံရေး အကြောင်းတွေကို ပြောပါတယ်။ အဲဒါကို ဆရာ ဦးဉာဏ်ဝင်းတို့၊ ဦးဝင်းမြင့်နဲ့ ကျွန်တော်တို့က ပြန်ပြီးတော့ ရှင်းလင်း တင်ပြခဲ့ပါတယ်"

ကော်မရှင်ရဲ့သဘောထားကို လက်ခံပေမယ့် လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အလုပ်သမား၊ လယ်သမား ဆန္ဒပြပွဲတွေ၊ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်နေတာနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေဘက်က ခြိမ်းခြောက် ပြောဆိုတာမျိုးထက် မှန်မှန်ကန်ကန် ဖြေရှင်း ဆောင်ရွက်ပေးဖို့ မိမိက ဝေဖန် ထောက်ပြခဲ့တာ ဖြစ်တယ်လို့ ဦးဝင်းတင်က ပြောပါတယ်။

"ကျွန်တော်တို့လည်း ဒါအများကြီးကို သက်သက်သာသာ ရေးပါတယ်ဗျာ။ ဆောင်းပါးလည်း ဖတ်ကြည့်ပါအုံး။ ဒါကို ကျွန်တော်ထင်တယ်၊ ဒီသက်ဆိုင်ရာရှိတဲ့ ဒီကော်မရှင်တို့ ဘာတို့ကလည်း သဘောပေါက်မယ်လို့ ကျွန်တော်တို့ ယူဆပြီးတော့ ကျွန်တော်တို့လည်း တတ်နိုင်သမျှ သက်သက်သာသာ ညင်ညင်သာသာနဲ့ ပျော်ပျော်ရွှင်ရွှင်လေး ရေးတာပါပဲ။ ရေးတာကိုက ကျွန်တော်တို့ ဒါကြီးကို တိုက်ခိုက်တယ်၊ သူတို့ကို ပြန်ပြီး တုံ့ပြန်တယ်၊ သူတို့ကို ပြန်ပြီးတော့ ခြိမ်းခြောက်တယ်ဆိုတာမျိုးထက် ကျွန်တော်တို့က ပျော်ပျော်ရွှင်ရွှင်ကို ဒါကြီးကတော့ နည်းနည်း များလွန်းအားကြီးနေတယ် ဆိုတဲ့ ဟာမျိုး ကျွန်တော်တို့ ရေးတာပါပဲ"

ဒီလှိုင်း အပတ်စဉ် စာစောင်မှာ သတင်းစာဆရာကြီး ဦးဝင်းတင်နဲ့ စာရေးဆရာ မောင်မိုးသူတို့က နာယကတွေ ဖြစ်ပြီး ဦးအုန်းကြိုင်၊ မုံရွာအောင်ရှင်၊ ဖျာပုံနီလုံဦး၊ ငြိမ်းသစ်နှင့် နီမိုလှိုင်တို့က အယ်ဒီတာ အဖွဲ့ဝင်များ ဖြစ်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။