ဝေဖန်မှုတွေလက်ခံဖို့ NLD အစိုးရ ပြင်ဆင်ထားကြောင်း မုံရွာအောင်ရှင် ပြော


2015.12.11
aungshin-nld-620.jpg NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စာရေးဆရာ မုံရွာအောင်ရှင် ကို ဒီဇင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့ ချက်ထရီယံတယ်မှာကျင်းပတဲ့ မြန်မာမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံမှာ တွေ့ရစဉ်
Photo: RFA

လာမယ့် NLD အစိုးရအနေနဲ့ သတင်းမီဒီယာတွေရဲ့ဝေဖန်မှုတွေကို လက်ခံသွားမှာဖြစ်သလို အစိုးရဆီကနေ သတင်းအချက်အလက် ရယူနိုင်ခွင့်ကိုလည်း တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ဖို့ ပြင်ဆင်ထားတယ်လို့ NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စာရေးဆရာ မုံရွာအောင်ရှင်က ဒီကနေ့ ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ ချက်ထရီယံတယ်မှာ ကျင်းပတဲ့ မြန်မာမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံမှာ NLD ဗဟိုအလုပ် မှုဆောင်ကော်မတီဝင် စာရေးဆရာ မုံရွာအောင်ရှင် က RFA ကို အခုလိုပြောခဲ့တာဖြစ်ပါတယ်။

"အစိုးရအပေါ်မှာ ဝေဖန်တာ အကြံပြုတာ ဒါတားလို့မရဘူး၊ ဒါကို ကျနော်တို့ လက်ခံရမှာပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီဝေဖန်တယ် အကြံပြုတယ်ဆိုတာ မရှိလို့ရှိရင် ဘာမှမဖြစ်နိုင်ဘူး၊ ဒါကလည်း တစ်ပါတီပဲဖြစ်သွားမှာပဲ၊ အကြံပြု တာ ဝေဖန်တာကို လက်ခံရမယ်၊ ဝေဖန်တာ အကြံပြုတာ အပြုသဘောဖြစ်ရင် ပိုပြီးတော့ကောင်းတာပေါ့၊ အရာရာတိုင်းမှာ အပျက်သဘောနဲ့ ဝေဖန်တာထက် အပြုသဘောနဲ့ ဝေဖန်တာ ပိုပြီးတော့ကောင်းပါတယ်၊ မီဒီယာတွေကို သတင်းရယူမှုနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ပြဿနာတွေအပေါ်မှာ သင်ခန်းစာယူပြီးတော့ ပိုပြီးတော့ကောင်းအောင် ကျနော်တို့ ကြိုးစားမှာပါ"

ဒီကနေ့ မြန်မာ့မီဒီယာ တိုးတက်ရေး ညီလာခံ နောက်ဆုံးနေ့မှာ အစိုးရဌာနတွေကနေ သတင်းအချက် အလက်ရယူ တဲ့နေရာမှာ သတင်းမီဒီယာတွေ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေအပြင် နောက်လာမယ့်အစိုးရလက်ထက်မှာ ကြုံတွေ့လာရမယ့် သတင်းမီဒီယာ အခြေအနေတွေနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် သတင်းမီဒီယာတွေအပေါ် ခြိမ်းခြောက်နေတဲ့ ဥပဒေတွေနဲ့ မီဒီယာသမားတွေရဲ့ လုံခြုံရေးဆိုင်ရာ အကာအကွယ်ပေးဖို့ ဆွေးနွေးခဲ့ကြသလို တိုင်းရင်းသား သတင်းမီဒီယာတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ကြပါတယ်။

စာရေးဆရာ ကိုဇော်သက်ထွေးလည်း နောက်လာမယ့်အစိုးရဟာ တရားဥပဒေအတိုင်း အုပ်ချုပ်သွားမယ့် အစိုးရအဖြစ် မျှော်လင့်ထားတာကြောင့် သတင်းမီဒီယာလွတ်လပ်ခွင့်ပိုမို ရရှိလာနိုင်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ဝ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပခဲ့တဲ့ သတင်းမီဒီယာ ညီလာခံဟာ ကို မြန်မာနိုင်ငံအတွင်းမှာ ကျင်းပခဲ့တာ အခုဆို ၄ ကြိမ်ရှိပြီဖြစ်ပြီး ပြည်တွင်းပြည်ပ သတင်းမီဒီယာ ၁ဝဝ ကျော် တက်ရောက်ဆွေးနွေးခဲ့တာလည်း ဖြစ်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုမျိုးဇော်ကို တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။