လွှတ်တော်ဥက္ကဌနဲ့ ဒုတိယ ဥက္ကဌနေရာတွေ ရွေးချယ် လိုက်ကြောင်းပြော


2016.01.28
parliament-leaders-620.jpg ဦးဝင်းမြင့်(NLD)၊ ဦးတီခွန်မြတ်(USDP)၊ မန်းဝင်းခိုင်သန်း(NLD)နဲ့ ဦးအေးသာအောင်(ANP) တို့ကို တွေ့ရစဉ်
Photo: RFA

လွှတ်တော်အသစ် တာဝန်တွေအတွက် ပြည်သူ့လွှတ်တော် ဥက္ကဌအဖြစ် ဦးဝင်းမြင့်၊ ဒုဥက္ကဋ္ဌအဖြစ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် မန်းဝင်းခိုင်သန်းနဲ့ ဒုဥက္ကဋ္ဌအဖြစ် ရခိုင်အမျိုးသားပါတီက ဦးအေးသာအောင်တို့ကို ဒေါ်အောင်ဆန်းစုကြည်က အတည်ပြုလိုက်ပြီဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်က ပြောပါတယ်။

ဦးဝင်းမြင့်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်တိုင်း တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ် ပြီး ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်စည်းရုံးရေး ကာလတလျှောက် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမြဲပါခဲ့ သူဖြစ်ပြီး လွှတ်တော်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမြဲတွေ့ရသူဖြစ်ပါတယ်။

လွှတ်တော် ၂ ရပ်ရဲ့ ဒုတိယဥက္ကဌ တာဝန်တွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ရခိုင်အမျိုးသားပါတီတွေက ရွေးကောက်ခံ ကိုယ်စားလှယ်တွေကို ရွေးချယ်လိုက်တာဖြစ်ပါတယ်။

ဒီနေ့မနက် ပြည်ထောင်စုလွှတ်တော် ဇဗ္ဗူသီရိအစည်းအဝေးခန်းမဆောင်မှာ NLD ပါတီက ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်အသစ်တွေ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရာမှာလည်း အဲ့ဒီ ရွေးချယ်ထားတဲ့ လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ တာဝန်ထမ်းဆောင်မယ့်သူစာရင်းကို အသိပေးခဲ့တယ်လို့ သိရပါတယ်။

လာမယ့်လွှတ်တော်အသစ် အစည်းအဝေးတွေကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ စတင်မှာဖြစ်ပြီး လက်ရှိမှာ လွှတ်တော်ကိုယ်စားလှယ်အသစ်တွေဟာ နေပြည်တော်မှာ ရောက်ရှိနေကြပြီဖြစ်ပြီး လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းတွေကို လေ့လာနေကြတာဖြစ်ပါတယ်။

ဦးအေးသာအောင်ကို RFA သတင်းထောက် ကိုဘုန်းမြတ် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။